တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
388

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

Dawei Watch (ဇွန် ၂၄ – ဇူလိုင် ၁)

လှည်းတန်းမှာ စျေးသည်တွေရဲ့ ပစ္စည်းတွေဖျက်ဆီးခံရ

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ထဲက လှည်းတန်း ၇လမ်းထိပ်မှာရှိတဲ့စျေးသည်တွေရဲ့ ပစ္စည်းတွေကို ဇွန်လ ၃၀ ရက်ညပိုင်းက စစ်ကောင်စီတပ်တွေဝင်ရောက် ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စျေးရောင်းချသူတွေရဲ့ အမိုး၊ ခုံ စတဲ့ ပစ္စည်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖျက်ဆီးတာ၊ မီးရှို့တာတွေလုပ်နေတဲ့ ရုပ်သံဖိုင်လူမှုကွန်ရက်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီရုပ်သံဖိုင်ကို Kamayut Information က တင်ခဲ့တာဖြစ်ပြီး ဒီဗီဒီယိုမှတ်တမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ Faw ကားတွေ‌ပေါ်ကို စျေးသည်တွေရဲ့  ပစ္စည်းတွေကိုတင်ပြီး သယ်ဆောင်သွားတာလည်း ပါရှိပါတယ်။

အာဏာသိမ်းပြီးနောက် ကလေး ၁၄၀၀ အကျဉ်းကျခံနေရတယ်လို့ ကုလပြော

Photo- BBC Burmese

စစ်အာဏာသိမ်းပြီးနောက်မှာ ကလေး ၃၈၂ ယောက်သေဆုံးခဲ့ပြီး ကလေးငယ် ၁၄၀၀ မှာ အကျဥ်းချခံထားရတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အင်ဒရူးကပြောဆိုလိုက်ပါတယ်။

ဇွန် ၂၉ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ သောမတ်စ်အင်ဒရူးက အဲ့ဒီလို ပြောဆိုလိုက်တာပါ။

ကလေးတွေဟာ ထိုးကြိတ်၊ ရိုက်နှက်ခံနေရပြီး တချို့ဆိုရင် ဆေးလိပ်မီးနဲ့ ထိုးခံရတာ၊ သွားတွေ လက်သည်းခွံတွေ အချွတ်ခံရတာတွေ ခံရသလို တချို့ဆိုရင်လည်း လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရတာတွေ ခြိမ်းခြောက်ခံရတာတွေ ရှိတယ်လို့ သူကဆိုပါတယ်။

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဌ ဒေါ်ဝင်းမြမြကို ထောင် ၃ နှစ်ချ

Photo- BBC Burmese

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့  ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရအမတ်လည်းဖြစ် မန္တလေးတိုင်း ပါတီဒုဥက္ကဌလည်းဖြစ်တဲ့ ဒေါ်ဝင်းမြမြကို စစ်ကောင်စီက ဇွန်လ ၂၉ ရက်နေ့မှာထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီလကုန်ပိုင်းမှာ ဒေါ်ဝင်းမြမြကို စစ်တပ်ကဖမ်းဆီးသွားခဲ့ပြီး အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်းထားခဲ့ရာမှ တစ်နှစ်ကျော်အကြာမှာ ထောင်ဒဏ်ချမှတ်လိုက်တာပါ။

မန္တလေးတိုင်း NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြကို ပုဒ်မ ၅၀၅-က ထောင်ဒဏ် သုံးနှစ်ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရောက်ရှိနေတဲ့ အာဆီယံအထူးသံ စစ်ကောင်စီ ဥက္ကဋ္ဌနဲ့တွေ့

မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ အာဆီယံ အထူးသံတမန် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရာ့ဆော့ခွန်းနဲ့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဇွန်လ ၃၀ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

အာဆီယံသံတမန်နဲ့ တွေ့ဆုံစဥ်မှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်၊ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေနဲ့ ငြိမ်းချမ်းရေးအခြေအနေတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အာဆီယံအထူးသံတမန် ရောက်ရှိနေချိန်မှာပဲ မြန်မာနိုင်ငံအနှံ့အပြားမှာ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်နေသလို ဒေသခံပြည်သူအများအပြားကလည်း မိုးထဲရေထဲမှာ စစ်ဘေးရှောင်နေကြရပါတယ်။

မြန်မာစစ်လေယာဉ် ထိုင်းလေပိုင်နက်ထဲ ၀င်တာပြဿနာမဟုတ် လို့ထိုင်း၀န်ကြီးချုပ်ဆို

ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်ရဲ့ လေပိုင်နက်ထဲ မြန်မာစစ်လေယာဥ် ပျံသန်း၀င်ရောက်လာတာ ပြဿနာမဟုတ်ဘူးလို့ ထိုင်း၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောဆိုလိုက်ပါတယ်။

ဇွန်လ ၃၀ ရက်နေ့က ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားနေတဲ့ ဥကရိထစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူသုံးခဲ့ပြီး စစ်လေယာဉ်တစ်စီး ထိုင်းလေပိုင်နက်ထဲကို ဝင်ရောက်သွားတာဖြစ်ပါတယ်။

ဒီအပေါ် ထိုင်းဝန်ကြီးချုပ်က မြန်မာစစ်တပ်ဘက်ကလည်း တောင်းပန်ပြီးပြီဖြစ်လို့ ပြဿနာ တစ်ခုမဟုတ်သလို ဘာမှ ဆောင်ရွက်စရာမရှိဘူးလို့ ပြောဆိုတဲ့အပေါ် ထိုင်း PBS  သတင်းက ဖော်ပြထားတာ ဖြစ်ပါတယ်။

နှစ်နိုင်ငံကြား ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့လည်း ၀န်ကြီးချုပ်က ဆက်ပြောတယ်လို့ အဲ့ဒီသတင်းမှာ ပါရှိပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါလေဒေသက စစ်ကောင်စီရဲ့ ဥကရိထ စစ်အခြေစိုက်စခန်းကို KNLA/KNDO ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။

ရှေ့နေသုံးဦး မန္တလေးမှာ ထပ်မံအဖမ်းခံရ

မန္တလေးအိုးဘို အကျဉ်းထောင် အမှုကိုလိုက်ပြီး ပြန်လာတဲ့ ရှေ့နေသုံးယောက် ဇွန် ၂၉ ရက် ညနေပိုင်းက အပြန်လမ်းမှာ ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးခံရတဲ့ ရှေ့နေ ဦးတင်ဝင်းအောင်၊ ရှေ့နေ ဦးသုတနဲ့ အမျိုးသမီးရှေ့နေတစ်ဦးတို့က နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်နေသူတွေလို့ ဆိုပါတယ်။

ဖမ်းဆီးခံရချိန်ကနေ အခုထိ အဆက်အသွယ်မရတဲ့အတွက် ဘာကြောင့်ဖမ်းသွားတယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ ရှေ့နေအသိုင်းအဝိုင်းက ပြောဆိုပါတယ်။

နိုင်ငံရေး အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ မန္တလေးတိုင်းက တရားလွှတ်တော်ရှေ့နေ အနည်းဆုံး ၈ယောက်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး တချို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုတာမျိုး လုပ်ထားတယ်လို့သူတို့က ဆိုပါတယ်။

ဂျပန်ဘီယာ Kirin မြန်မာနိုင်ငံက ထွက်ခွာတော့မယ်

အာဏာသိမ်း မြန်မာစစ်တပ်နဲ့ လမ်းခွဲဖို့ကြိုးစားနေတဲ့ ဂျပန်ဘီယာကုမ္ပဏီ Kirin က ရှယ်ယာအားလုံးကို ရောင်းချပြီး မြန်မာနိုင်ငံကနေ အပြီးအပိုင်ထွက်ခွာ တော့မယ်လို့ ဇွန် ၃၀ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာဘီယာ ထုတ်လုပ်နေတဲ့ Myanmar Brewery Limited (MBL) ကုမ္ပဏီရဲ့ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းကို Kirin က ပိုင်ဆိုင်တာဖြစ်ပြီး ယခုအခါမှာ ဂျပန်ယန်းငွေ ၂၂ ဒသမ ၄ ဘီလျံ (ကျပ် ၃၂၄ ဘီလျံ) တန်ဖိုးရှိတဲ့ အစုရှယ်ယာတွေကို ရောင်းချတော့မယ်လို့ Kirin က ထုတ်ပြန်လိုက်တာပါ။

အခုရှယ်ယာအားလုံးကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်ထံ လွှဲပြောင်းရောင်းချဖို့ ကုမ္ပဏီဒါရိုက်တာအဖွဲ့က သဘောတူညီလိုက်ပြီလို့လည်း ဆိုပါတယ်။