တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
278

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

Dawei Watch (ဇွန် ၂၄ – ဇူလိုင် ၁)

အရက်မူးပြီး လမ်းဘေးမှာ အိပ်ပျော်သွားတဲ့ ဝန်ထမ်းကြောင့် ဂျပန်မြို့ခံလူထုရဲ့ဒေတာတွေ ပျောက်ဆုံး

ဂျပန်နိုင်ငံရဲ့ ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဟာ အရက်မူးပြီး လမ်းဘေးမှာ အိပ်ပျော်သွားလို့ မြို့ခံလူထု ၄၆၀၀၀ ရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်များပါတဲ့ USB စတစ် တစ်ခု ပျောက်ဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အသက် ၄၀ ဝန်းကျင်ရှိ ဂျပန်နိုင်ငံသားတစ်ဦးဟာ အခွန်ကင်းလွတ်ခွင့်ရ အိမ်ထောင်စုတွေကို အကျိုးခံစားခွင့်ပေးနေတဲ့ ကုမ္ပဏီမှာ အလုပ်လုပ်နေသူတစ်ယောက်ပါ။

ဒါကြောင့် USB flash drive အထဲမှာ ဂျပန်နိုင်ငံ အမာဂါစကီမြို့မှာရှိတဲ့ လူ ၄၆၀၀၀ ကျော်ရဲ့အမည်၊ မွေးသက္ကရာဇ်၊ လိပ်စာ၊ အခွန်ဆိုင်ရာ အသေးစိတ်အချက်အလက်၊ ဘဏ်အကောင့်၊ အထောက်အပံ့ရရှိနေတဲ့ အိမ်ထောင်စုတွေစာရင်း စတဲ့ အချက်အလက်တွေ ပါဝင်တယ်လို့ သိရပါတယ်။

Ref: The Japan Times, CNN

ရှရှားက ပြည်ပကြွေးမြီများ အချိန်မှီ ပြန်မဆပ်နိုင်

 ရုရှားက ပြည်ပကြွေးမြီများကို အချိန်မှီ ပြန်မဆပ်နိုင်ဘဲ ပထမဆုံးအကြိမ် အကြွေးပြန်ဆပ်ဖို့ ပျက်ကွက်ကြောင်း ကြေညာလိုက်ရတယ်လို့ဆိုပါတယ်။

ပြန်ဆပ်ရန် ငွေမရှိလို့ မဟုတ်ဘဲ ယူကရိန်းကို ကျူးကျော်လို့ ငွေကြေးစနစ်များ အပိတ်ခံထားရကာ အကြွေးရှင်တွေကို အချိန်မီ ငွေပေးမသွင်းနိုင်ခြင်းသာ ဖြစ်ပါတယ်။

ရှရှားဟာ တနင်္ဂနွေနေ့မှာ နောက်ဆုံးပေးချေရမယ့် Eurobonds နှစ်ခုရဲ့ ဒေါ်လာသန်း ၁၀၀ ကို အချိန်မှီ ပေးချေဖို့ ပျက်ကွက်ခဲ့တယ်လို့ ရှရှား Bondsကိုကိုင်ထားတဲ့ ထိုင်ဝမ်လုပ်ငန်းရှင်နှစ်ဦးက Reuters သတင်းဌာနကိုပြောကြားထားပါတယ်။

Ref: Bloomberg

သိရိလင်္ကာမှာ လောင်စာဆီပြတ်လပ်

သီရိလင်္ကာနိုင်ငံမှာ လောင်စာဆီပြတ်လပ်သွားပြီလို့ နိုင်ငံပိုင်သတင်းစာကနေ ဇွန်လ ၂၇ ရက်နေ့မှာ ရေးသားလိုက်ပါတယ်။

နိုင်ငံမှာရှိတဲ့ နောက်ဆုံးလက်ကျန် ဓာတ်ဆီ တန်ချိန် ၁၁၀၀ နဲ့ ဒီဇယ်ဆီ တန်ချိန် ၇၅၀၀ ဟာ တစ်ရက်တောင် မရတော့ဘူးလို့ eylon Petroleum Corporation (CPC) က တာဝန်ရှိသူက ပြောကြားလိုက်တယ်လို့ နိုင်ငံပိုင်သတင်းစာကနေ ရေးသားထားပါတယ်။

သီရိလင်္ကာနိုင်ငံဟာ ကြွေးမြီတွေကို ပြန်မဆပ်နိုင်တော့လို့ နိုင်ငံတကာကုမ္ပဏီတွေက အမည်ပျက်စာရင်းသွင်းထားကြကာ နိုင်ငံအတွင်းမှာရှိတဲ့ လောင်စာဆီတင်သွင်းနေတဲ့ ကုမ္ပဏီတွေအနေနဲ့ ကမ္ဘာ့ဘဏ်ရဲ့ အာမခံချက်တွေ လိုအပ်နေလို့ လောင်စာဆီအခက်အခဲတွေကို ကြုံတွေ့နေရတာလို့ ဖော်ပြထားပါတယ်။

Ref: Daily Mirror

ယူကရိန်း အလယ်ပိုင်းမြို့ရှိ ဈေးဝယ်စင်တာတစ်ခုကို ရုရှား ဒုံးကျည် ထိမှန်

ယူကရိန်းနိုင်ငံအလယ်ပိုင်း Kremenchuk မြို့မှာရှိတဲ့ ဈေးဝယ်စင်တာတခုကို ရုရှားက ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေ ဇွန်လ ၂၇ ရက်နေ့မှာ ထိမှန်ခဲ့လို့ ထိခိုက်သေဆုံးမှု အရေအတွက် အတိအကျ မသိရှိရသေးဘူးလို့ ယူကရိန်း သမ္မတ Volodymyr Zelenskyy ကဆိုလိုက်ပါတယ်။

ပစ်ခတ်ခံရချိန်မှာ ဈေးဝယ်စင်တာအတွင်း အရပ်သား ၁၀၀၀ ကျော် ရှိနေတယ်လို့ သိရပြီး ဈေးဝယ်စင်တာဟာ မီးလောင်ပျက်စီးခဲ့ရကာ သေဆုံးသူ ၁၅ ဦးနဲ့ အနည်းဆုံး ၅၈ ဦးဒဏ်ရာ ရရှိထားတယ်လို့ အာဏာပိုင်တွေကနေ ထုတ်ပြန်ထားပါတယ်။

မြို့တော် Kyiv ကနေ အရှေ့တောင်ဘက် ကီလိုမီတာ ၃၀၀ အကွာမှာရှိတဲ့ Kremenchuk မြို့ ရဲ့ ဈေးဝယ်စင်တာဟာ ရုရှားအတွက် အန္တရာယ်မရှိဘဲ မဟာဗျူဟာမြောက် နေရာလည်းမဟုတ်တဲ့အတွက် အဆိုပါတိုက်ခိုက်မှုကို ရှုတ်ချတယ်လို့ သမ္မတကဆိုလိုက်ပါတယ်။

Ref: CNN

အမေရိကန်တရားရုံးချုပ်က ကိုယ်ဝန်ဖျက်ချပိုင်ခွင့် ပယ်ဖျက်

အမေရိကန်နိုင်ငံမှာ တစ်နိုင်ငံလုံးအနေနဲ့ တရားဝင်ခွင့်ပြုထားတဲ့ အမျိုးသမီးတွေရဲ့ ကိုယ်ဝန်ဖျက်ချခွင့် စီရင်ဆုံးဖြတ်ချက်ကို တရားရုံးချုပ်က ဇွန်လ ၂၄ ရက်နေ့ကနေ စတင်ပယ်ဖျက်လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။

တရားရုံးချုပ်ကလွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါးကနေ ချမှတ်ထားခဲ့တဲ့သမိုင်းဝင် Roe v. Wade လို့ အမည်ရတဲ့ အမေရိကန်အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဖျက်ချခွင့်ရှိကြောင်း စီရင်ဆုံးဖြတ်ချက်ကို ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဖျက်ချမှုကို လက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေ နှစ်ဖက်စလုံးက အဲ့ဒီနေ့မှာပဲ အမေရိကန်တရားရုံးချုပ်ရှေ့မှာ စုရုံးချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဒီကြေညာချက်ကြောင့် ကိုယ်ဝန်ဖျက်ဖို့ ဝန်ဆောင်မှုပေးတဲ့ ဆေးခန်းတွေကို မကြာခင် ပိတ်သိမ်းရမှာဖြစ်ပါတယ်။

Ref: BBC

အမေရိကန်တွင် စွန့်ပစ်ကုန်တင်ကားအတွင်း အနည်းဆုံးလူ ၄၆ ဦးသေဆုံးလျက်တွေ့

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် စန်အန်တိုနီယိုမြို့အစွန်မှာရှိတဲ့ စွန့်ပစ်ထားတဲ့ ကုန်တင်ကားထဲ ရွှေ့ပြောင်းအခြေချနေထိုင်သူ ၄၆ ဦး သေဆုံးနေတာကို ဇွန်လ ၂၈ ရက်နေ့မှာ တွေ့ရှိရတယ်လို့ BBC သတင်းဌာနကဖော်ပြထားပါတယ်။

ကုန်တင်ကားထဲ အပူချိန်မြင့်လို့ အပူရှပ်ကာ မောပန်းနေတဲ့ ကလေး ၄ ဦးနဲ့အတူ အသက်ရှင်ကျန်ရစ်သူ ၁၆ ဦးကို ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ မီးသတ်ကယ်ဆယ်ရေးအရာရှိတစ်ဦးက ဆိုပါတယ်။

 “သူတို့မှာ မိသားစုရှိတယ်၊ ပိုကောင်းတဲ့ဘဝအတွက် ကြိုးစားကြသူတွေဖြစ်တယ်၊ ဒါဟာ တကယ်ကို ကြေကွဲစရာပါပဲ” လို့ စန်အန်တိုနီယိုမြို့တော်ဝန် Ron Nirenberg ကပြောကြားလိုက်ပါတယ်။

Ref: BBC

အမေရိကန်တွင် ကုန်တင်ကားကိုတိုက်မိသဖြင့် ရထားလမ်းချော်မှုဖြစ်ရာမှ လူ ၃ ဦးသေဆုံး

အမေရိကန်ပြည်ထောင်စု၊မစ်ဆိုရီပြည်နယ်မှာ ဇွန်လ ၂၇ ရက်နေ့က ခရီးသည်တင်ရထားတစ်စင်းက ကုန်တင်ကားကို တိုက်မိလို့ ရထားလမ်းချော်သွားရာကနေ လူ ၃ဦးသေဆုံးခဲ့ပြီး ၅၀ ကျော်ဒဏ်ရာရရှိသွားတယ်လို့ သိရှိရပါတယ်။

အဆိုပါရထားပေါ်မှာ ခရီးသည် ၂၄၃ ဦးပါဝင်နေပြီး လော့စ်အိမ်ဂျလိမ်မြို့ကနေ ချီကာဂိုမြို့ကို ဦးတည်သွားရာကနေ မန်ဒွန်မြို့အနားရောက်တော့ ရထားလမ်းဖြတ်ကူးလာတဲ့ ကုန်တင်ကားတစ်စီးနဲ့ တိုက်မိရာကနေ လမ်းချော်သွားခဲ့တာပါ။

ရထားလမ်းချော်သွားလို့ ရထားပေါ်ပါလာတဲ့ ခရီးသည် ၂ ဦးနဲ့ ကုန်တင်ကားပေါ်က လူ ၁ ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေကနေ ထုတ်ပြန်ထားပါတယ်။

Ref: BBC

ဂျော်ဒန်ဆိပ်ကမ်း၌ ကလိုရင်းဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူ ၁၂ ဦးသေဆုံးကာ ၂၅၁ ဦး ဒဏ်ရာရရှိ

ဂျော်ဒန်နိုင်ငံ Aqaba ပင်လယ်နီဆိပ်ကမ်းမှာရှိတဲ့ သိုလှောင်တိုင်ကီပုံးကနေ ကလိုရင်းဓာတ်ငွေ့တွေ ယိုစိမ့်ခဲ့လို့ လူအနည်းဆုံး ၁၂ ဦး သေဆုံးကာ ၂၅၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဇွန်လ ၂၇ ရက်နေ့မှာ နိုင်ငံပိုင်သတင်းဌာနတွေကနေ ဖော်ပြထားပါတယ်။

ဂျီဘူတီနိုင်ငံကို တင်ပို့မဲ့ ကလိုရင်းတန်ချိန် ၂၅ တန် ရှိတဲ့ သိုလှောင်ပုံးတစ်ခု ကုန်တင်ချပြုလုပ်နေတဲ့အချိန် ပြုတ်ကျသွားခဲ့လို့ ဓာတ်ငွေ့ယိုစိမ့်မှုတွေနဲ့အတူ ပေါက်ကွဲလာခြင်းဖြစ်ပါတယ်။

ကလိုရင်းဓာတ်ငွေ့ဟာ ပိုးသတ်ဆေးအနေနဲ့ ရေသန့်စင်ဖို့ ရောစပ် အသုံးပြုလို့ရပေမဲ့ လေရှူမိမယ်ဆိုရင် ဟိုက်ဒရိုကရိုရစ်အက်စစ်အဖြစ်ကို ပြောင်းသွားလို့ ခန္ဓာကိုယ်အတွင်းပိုင်း လောင်ကျွမ်းခြင်းနဲ့ အဆုတ်အတွင်း ရေများလာကာ အသက်ရှုမဝဘဲ အသက်ဆုံးရှုံးစေနိုင်ပါတယ်။

Ref: CNA

လုံခြုံရေးအားနည်းချက်ကြောင့် စမတ်ဖုန်းတွေမှာ Tik Tok ကို ဖယ်ရှားဖို့လုပ်

အချက်အလက်လုံခြုံရေး အားနည်းချက်တွေရှိနေတဲ့ တရုတ်မိုဘိုင်းအယ်ပရီကေးရှင်း Tik Tok ကို Apple နဲ့ Google တို့ရဲ့ Play Store ကနေ ဇူလိုင် ၈ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ အမေရိကန် ဖယ်ဒရယ်ဆက်သွယ်ရေးကော်မရှင် (FCC)ကနေ ပြောဆိုလိုက်ပါတယ်။

တကယ်လို့ ဖြုတ်ချဖို့ မတတ်နိုင်ခဲ့ရင်လည်း ဘာလို့မဖယ်ရှားရတာလဲ ဆိုတဲ့ လုံခြုံရေးအကြောင်းအရာတွေကို ရေးသားကာ သီးခြားအကြောင်းပြန်ပေးဖို့ အမေရိကန် ဖယ်ဒရယ်ဆက်သွယ်ရေးကော်မရှင် (FCC)ရဲ့ Brendan Carr က Apple နဲ့ Google ရဲ့ စီအီးအိုတွေကို လိပ်မူကာ Twitter စာမျက်နှာထက်မှာ ရေးသားခဲ့ပါတယ်။

TikTokကို လူတွေကနေ ရယ်စရာဗီဒီယိုတွေအနေနဲ့ မျှဝေကြည့်ရှုကြပေမဲ့ သူတို့ရဲ့ အချက်အလက်တွေကို ချိုးဖောက်ကာ စောင့်ကြည်ရေးလက်နက်ကဲ့သို့ လုပ်ဆောင်နေတယ်လို့ Brendan Carr ကနေ ရေးသားထားပါတယ်။

Ref: wish tv