ရေးတွင် မီတာခ စျေးထပ်တက်

0
359

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာခ စျေးထပ်တက်သွားရာ တစ်ယူနစ် ၁၃၅၀ ကျပ် ပေးရကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

မဟာဓာတ်အားလိုင်းမရောက်သည့် ရေးမြို့နယ်အတွင်း၌ လျှပ်စစ်ဖြန့်ဖြူးရေးကို ပုဂ္ဂလိကကုမ္ပဏီများဖြင့် ကျေးရွာအတွင်း ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးဖြန့်ဖြူးရေး လုပ်ဆောင်နေကြခြင်းဖြစ်သည်။

ဒီဇယ်စျေးမြင့်တက်လာခြင်းကြောင့်ရေးမြို့နယ်အတွင်း ပုဂ္ဂလိကကုမ္ပဏီများက ဖြန့်ဖြူးနေသည့် လျှပ်စစ်မီးသည် ယခုလမှစကာ တစ်ယူနစ်  ကျပ် ၁၃၅၀ နှုန်းဖြင့်တိုးမြှင့်ကောက်ခံရန် မီးလင်းရေးကော်မတီက ကြေညာထားသည်။

ပုဂ္ဂလိကကုမ္ပဏီများမှ ဖြန့်ဖြူးနေသည့် လျှပ်စစ်မီးသည် တစ်ယူနစ် ကျပ် ၉၀၀ ကောက်ခံနေရာမှ မတ်လမှစကာ တစ်ယူနစ် ကျပ် ၁၂၀၀ တိုးမြှင့်ကောက်ခံခဲ့ပြီး ယခု တစ်ယူနစ် ကျပ် ၁၃၅၀ သို့ ထပ်မံတိုးမြှင့်ကောက်ခံခြင်းဖြစ်သည်။

” အခု ဇွန်လမှာ သုံးထားတာတွေကို တစ်ယူနစ် ၁၃၅၀ ကျပ်နှုန်းနဲ့ တိုးကောက်မယ်တဲ့” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

ထိုအတူ ကျေးရွာအတွင်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖြန့်ဖြူးနေသည့် လျှပ်စစ်မီးလည်း တစ်ယူနစ် ကျပ် ၁၀၀၀ မှ ကျပ် ၁၄၀၀ အထိ စျေးတက်သွားသည်ဟု သုံးစွဲသူများ၏ ပြောပြချက်အရ သိရသည်။

”မီတာခ စျေးကြီးနေတော့ မီးကို ချွေတာပြီး သုံးနေရတာပေါ့” ဟု ရေးမြိုနယ် ခေါဇာဒေသခံတစ်ဦးက ပြောသည်။

 ဒီဇယ်ဆီစျေး မြင့်တက်လာသည့်အတွက် မီတာခစျေး တိုးမြှင့်ကောင်ခံရခြင်းဖြစ်ပြီး ဒီဇယ်စျေးကျပါက မီတာခစျေး လျှော့ချပေးမည်ဟု မီးလင်းရေးကော်မတီက ပြောဆိုထားသည်။

လျှပ်စစ်မီတာခ ဆက်တိုက်မြင့်တက်လာသည့်အတွက်  လျှပ်စစ်မီးဖြင့် လုပ်ငန်းလုပ်ကိုင်နေကြရသည့် လုပ်ငန်းရှင်များ အခက်အခဲကြုံတွေ့နေရသည်ဟုလည်း ရေးမြို့ဒေသခံများထံမှ သိရသည်။

ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာခကို တစ်ယူနစ်လျှင် ကျပ် ၃၅၀ နှင့် ၄၅၀ အကြားရှိခဲ့ရာမှ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီဇယ်စျေးမြင့်တက်လာခြင်းကြောင့် တစ်ယူနစ် ကျပ်  ၁၃၅၀ အထိ စျေးတက်သွားခဲ့သည်။