တိုက်ပွဲများ ပုလောမြို့အနီး ရောက်လာ

0
744

စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည့် တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် တိုက်ပွဲများမှာ တဖြည်းဖြည်းနှင့် ပုလောမြို့အနီးဝန်းကျင်သို့ ရောက်ရှိလာပြီဖြစ်သည်။

ပုလောမြို့သည် ထားဝယ်မြို့မှ မြိတ်မြို့သို့သွားသော ကားလမ်းပေါ်တွင် တည်ရှိပြီး လူနေထူထပ်ကာ စီးပွားရေးကောင်းသဖြင့် ဖွံ့ဖြိုးသည့် မြို့တစ်ခုဖြစ်သည်။

ယခုအခါ ပုလောမြို့နှင့် တစ်မိုင်ခန့်သာ ဝေးကွာသည့် မကျည်းကုန်းကျေးရွာနှင့် နန်းတောင်ကျေးရွာ အုပ်စုတို့တွင် တိုက်ပွဲများစတင် ဖြစ်ပွားလာရာ တိုက်ပွဲများ မြိုအနီးသို့ရောက်ရှိလာပြီဖြစ်သည်။

မကျည်းကုန်းကျေးရွာနှင့် နန်းတောင်ကျေးရွာအုပ်စု မှော်မိကျေးရွာတို့တွင် ယနေ့ ဇွန်လ ၂၉ ရက်နေ့နံနက် ၁၁ နာရီဝန်းကျင်မှစတင်ပြီး တိုက်ပွဲဖြစ်ပွါးနေသည်ဟု ဒေသခံများ ကပြောသည်။

“လက်ရှိက မြို့ပေါ်တိုက်ပွဲပုံစံမျိုးကို ဖြစ်လာနေပြီ လူတွေကကြောက်နေကြပြီပေါ့။ ဖြစ်လာရင်တော့ ပြေးရမှာပေါ့ “ဟု ပုလောမြို့ဒေသခံ အမျိုးသား ကပြောဆိုသည်။

ယနေ့မကျည်းကုန်းတိုက်ပွဲကြောင့် ပုလော-မြိတ်ပြေးဆွဲနေသည့် ယာဉ်လိုင်းများ ရပ်ထားရကြောင်း၊ ရွာနေလူများလည်း ပုလောမြို့တွင်းသို့ ရွှေ့ပြောင်းလာကြကြောင်း ၎င်းကဆိုသည်။

မကျည်းကုန်းကျေးရွာထိပ်ရှိ ဒေါ်အုန်းကြည်တောင်ခေါ် ဘုရားတောင်ပေါ်တွင် တပ်စွဲထားသည့် ပုလော ၂၈၅ တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက လာရောက်တိုက်ခိုက်ခဲ့သည့်အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပွါးခဲ့ရခြင်း ဖြစ်ကြောင်း မကျည်းကုန်းရွာမှ ဒေသခံများကပြောသည်။

နံနက် ၁၁ နာရီဝန်းကျင်မှစကာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး မွန်းလွဲ ၁ နာရီခန့်မှသာ ပစ်ခတ်မှုများရပ်သွားကြောင်း ဒေသခံများ ကပြောသည်။

“ရွာသား တော်တော်များများကတော့ အကုန်ရွှေ့ကုန်ကြပြီ “ဟု မကျည်းကုန်းရွာနေ အမျိုးသား ကပြောသည်။

မကျည်းကုန်းကျေးရွာသည် ပုလောမြို့နှင့် အနီးကပ်ဆုံးကျေးရွာတစ်ရွာဖြစ်ပြီး ရွာထိပ်အနီးတွင် ၂၈၅ တပ်ရင်းတည်ရှိသည်ဟု ဒေသခံများ ကပြောပြသည်။

အလားတူ နန်းတောင်ကျေးရွာအုပ်စု၊ မော်မိကျေးရွာတွင်လည်း ယနေ့ နံနက် ၁၂ နာရီ ဝန်းကျင်မှစတင်ကာ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဂျင့်ဂါရွာသား ကပြောသည်။

“နှစ်ဖက်ကြီးကြီးကျယ်ကျယ်ကိုဆော်ကြတာ အရင်ကထက်အများကြီးပိုကြမ်းတယ်”ဟု ၎င်းကပြောသည်။

ယနေ့မွန်းလွဲ ၄  နာရီခွဲအထိပစ်ခတ်သံများ ဆက်တိုက်ကြားနေရပြီး လေယာဉ်များလည်း ပျံဝဲကင်းထောက်နေကြောင်း ဒေသခံများကပြောသည်။

တိုက်ပွဲဖြစ်နေစဉ် တစ်လျှောက်လုံး ပုလောမြို့တွင် အခြေစိုက်သည့် စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီးများဖြင့် မော်မိ၊ဂျင့်ဂါ၊ ကျောင်းနိမ့်ရွာဖက်သို့ အဆက်မပြတ်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများ ကပြောသည်။

“လက်နက်ကြီးတွေ အချက်လေးငါးဆယ် ပစ်တာ မှော်မိရွာမှာ ညကလည်းအိမ် သုံးလုံးပြိုတယ် ဒီကနေ့လည်း နှစ်လုံးပြိုတယ်။ လူတွေကတော့ ဟိုနေ့ကတည်းက ထွက်ပြေးသွားကြပြီ”ဟု ထွက်ပြေးနေရသည့် ဂျင့်ဂါရွာနေ အမျိုးသားကပြောသည်။

တိုက်ပွဲပြင်းထန်နေချိန် မွန်းလွဲ ၃ နာရီခန့်က လေယာဉ်တစ်စီးရောက်ရှိလာပြီး မှော်မိ၊ဂျက်ဂါ၊ပုလောကုန်း စသည့်ကျေးရွာကောင်းကင်ယံတွင် ကင်းထောက်ပျံဝဲခဲ့ပြီးနောက် ပုလောကုန်း နတ်အိမ်တောင်ဖက်တွင် ဗုံးနှစ်လုံးပစ်ချခဲ့သည်ဟု ကြားရကြောင်း ထွက်ပြေးနေရသည့် ဂျင့်ဂါရွာနေ ပြည်သူများ ကပြောသည်။