တိုက်ပွဲကြောင့် ဒဏ်ရာရပြီးထွက်ပြေးလာသည့် မြန်မာနှစ်ဦးကို ဆေးကုပေးထားသည်ဟု ထိုင်းပြော

0
658
Photo: Bangkok Post (Assawin Pinitwong)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒဏ်ရာရရှိပြီး ယနေ့ (ဇွန် ၂၉) ထွက်ပြေးလာသည့် ရွာသားနှစ်ဦးကို ထိုင်းနိုင်ငံဘက်က ဆေးဝါးကုသမှုပေးခဲ့ကြောင်း Bangkok Post သတင်းတွင် ဖော်ပြသည်။

ထိုင်းကျန်းမာရေးဌာနက တာဝန်ရှိသူများ၏ ပြောဆိုချက်ကို ကိုးကားကာ ယင်းသတင်းတွင် ဖော်ပြသည်။

မြဝတီမြို့နယ် ဝေါလေဒေသတွင် ယနေ့ နံနက်ပိုင်း၌ တိုက်ပွဲပြင်းထန်လာသဖြင့် ဒဏ်ရာရရှိလာသော ယင်းဒေသက ရွာသားနှစ်ဦးသည် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာပြီး အကူအညီတောင်းခံခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

အဆိုပါရွာသားအမျိုးသားနှစ်ဦးမှာ အသက် ၃၀ နှင့် ၃၃ နှစ်အရွယ်တို့ဖြစ်ကြပြီး ဦးခေါင်းနှင့် ခြေထောက်များတွင် ဒဏ်ရာရရှိထားသည်ကို တွေ့ရှိရကြောင်း ကျန်းမာရေးဌာနက တာဝန်ရှိသူများက ပြောဆိုသည်။

ဗုံးစထိမှန်ထားသည်ဟု စစ်ဆေးချက်အရသိရပြီး ၎င်းတို့ကို တာ့ခ်ခရိုင် ဖို့ဖရဆေးရုံသို့ ပို့ဆောင်ကာ ဆေးဝါးကုသပေးနေကြောင်း သတင်းတွင် ဖော်ပြပါရှိသည်။

မြဝတီမြို့နယ် ဝေါလေဒေသတွင် စစ်ကောင်စီတပ်နှင့် KNLA/KNDO ပူးပေါင်းတပ်တို့ တိုက်ပွဲ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများ၊ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အဆိုပါရွာသားများက ထိုင်းတာဝန်ရှိသူများကို ပြောကြားသည်။

မြဝတီမြို့တောင်ဘက် ဝေါလေဒေသရှိ ဥကရိထ စခန်းကို KNLA/KNDO ပူးပေါင်းတပ်က ဇွန်လ ၂၆ ရက်နေ့မှ စတင်ကာ စခန်းသိမ်းရန် တိုက်ခိုက်နေခြင်းပြီး တိုက်ပွဲပြင်းထန်နေသဖြင့် နှစ်ဖက်အကျအဆုံးများနေသည်။