သရက်ချောင်းတွင် တစ်ရက်တည်း အပြန်အလှန်ပစ်ခတ်မှု ၃ ကြိမ်ဖြစ်၊ ဒေသခံများ စစ်ဘေးရှောင်

0
351

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တစ်ရက်တည်း အပြန်အလှန်ပစ်ခတ်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

သရက်ချောင်မြို့နယ်ရှိ လောင်းမင်းဖရွာ၊ အင်းပြားနှင့် စော်ဖျားရွာကြား၊ မိုးရွှေကုန်းရွာနှင့် ကင်းရှေ့ရွာကြား တို့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၂၆ ရက် နံနက် ၇ နာရီခန့်တွင် လောင်းမင်းဖရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ ၁ နာရီခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့‌ကြောင်း  ဒေသခံအချို့က ပြောသည်။

ယင်းနေ့ ညနေပိုင်း ၃ နာရီခန့်တွင်လည်း စော်ဖျားကျေးရွာနှင့် အင်းပြားရွာကြားတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ မိနစ် ၃၀ ခန့်အကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

အထက်ပါ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့် နှစ်ကြိမ်တွင် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုရှိပြီး ယင်းနေ့ညနေ ၄ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်ကား ၄ စီးကို မိုးရွှေကုန်းရွာနှင့် ကင်းရှေ့ရွာကြား၌ ပြည်သူ့ကာကွယ်ရေးတပ်က ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ကင်းရှေ့ရွာတွင်‌နေထိုင်သည့် ဒေသခံအမျိုးသမီးတစ်ဦးကလည်း ကင်းရှေ့ရွာနှင့် မိုးရွှေကုန်းရွာကြားတွင် စစ်ကောင်စီတပ်ကား ၄ စီးမိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဆိုသည်။

“မိုင်းကွဲသံကြားပြီးတာနဲ့ သေနတ်သံတွေဆက်တိုက်ကြားတာပဲ၊ ကျွန်မတို့လည်း ဘေးလွတ်ရာကို ပြေးပုန်းကြရတယ်” ဟု ကင်းရှေ့ရွာမှ ဒေသခံအမျိုးသမီးက ပြောသည်။

အဆိုပါပစ်ခတ်မှု၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်ကြရပြီး အခြေအနေအေးသွားချိန်တွင် ကိုယ့်အိမ်ကိုယ်ပြန်လာ သူများလည်းရှိသည်ဟု ဒေသခံအချို့က ပြောသည်။

ဇွန်လ ၂၅ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က ကျောက်ဖြူတောင်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာဖြစ်ပွားခဲ့ပြီး ကျောက်ဖြူကျေးရွာမှ ဒေသခံ ၂ ဦး၏ နေအိမ် မီးရှို့ဖျက်ဆီးခံရကြောင်း‌ ဒေသခံအချို့က ပြောသည်။

ကျောက်ဖြူတောင်တိုက်ပွဲမှာ PDF ဘက်က ၂ ဦးကျဆုံးခဲ့ကြောင်းလည်း သိရသည်။

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၊ လောင်းလုံးမြို့နယ်၊ ရေဖြူမြို့နယ်တို့တွင် စစ်ကောင်စီတပ်က စစ်ဆင်ရေးလုပ်နေပြီး၊ လောင်းလုံးမြို့နယ်တွင် ညအချိန် နေအိမ်အချို့ကို ဝင်ရောက်ရှာဖွေစစ်ဆေးကာ အရပ်သားအချို့ သတ်ဖြတ်ခံရသည့်ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိသည်။