ရေးမြို့နယ် အစင်ရွာအဝင်တံတားဂိတ် ပစ်ခတ်ခံရပြီး ငါးဦးသေဆုံးဟုထုတ်ပြန်

0
517

မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာအဝင်တံတား စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

အစင်ကျေးရွာအဝင် တံတားဂိတ်ကို ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပျူစောထီးနှင့် ပြည်သူ့စစ် ငါးဦး သေဆုံးကာ လက်နက် ၃ လက် သိမ်းယူနိုင်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

“ပျူစောထီးအဖွဲ့ဖြစ်ပါတယ်။ သွေးသောက်အဖွဲ့လို့လည်း အပြင်မှာ နာမည်ထွက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်” ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က လူမှုကွန်ရက်စာမျက်နှာတွင် ရုပ်သံမှတ်တမ်းဖြင့် ပြောဆိုထားသည်။

ပြည်သူ့စစ်ဟုဆိုပြီး ဖြတ်သန်းသွားလာသူပြည်သူများထံမှ ငွေကြေးကောက်ခံနေသည့်အတွက် ပစ်ခတ်ရှင်းလင်း ရခြင်းဖြစ်ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်လိုက်ပြီး ပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။

“အစင်မှာရော၊ ရေးမှာရော စစ်ဆေးမှုတွေ တင်းကျပ်ထားတယ်။ ဖမ်းဆီးစစ်ဆေးခံနေရတာလည်း ရှိတယ်လို့ ကြားတယ်။ အသေးစိတ်တော့ မသိသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရခြင်း ရှိမရှိကို Dawei Watch အနေဖြင့်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဇွန်လ ၁၆ နှင့် ၁၇ ရက်နေ့ကလည်း ဒလန်ဆိုသူနှစ်ဦးကို ရေးဘီလူးအဖွဲ့က ပစ်သတ်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်သတင်းပေး ဆိုသူများကို မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

စစ်ကောင်စီဘက်ကမူ ရေးဘီးလူးအဖွဲ့ကို ဖမ်းဝရမ်းထုတ်ထားပြီး သတင်းပေးသူကို ဆုကြေးပေးမည်ဟုလည်း ထုတ်ပြန်ထားသည်။