ပုလောတွင် တိုက်ပွဲဖြစ်ပြီး အကျအဆုံးများရှိ၊ မှော်မိရွာထဲ လက်နက်ကြီးကျ

0
481

ပုလောမြို့နယ်၊ နန်းတောင်ကျေးရွာအုပ်စုတွင် ယနေ့ (ဇွန် ၂၇) တိုက်ပွဲဖြစ်ပွားပြီး မှော်မိရွာထဲတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

နန်းတောင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပုလော PDF မဟာမိတ်တပ်ပေါင်းအဖွဲ့တို့ ယနေ့ နံနက် ၆ နာရီမှစတင်ကာ နံနက် ၈ နာရီအထိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန် အပြင်းအထန် တိုက်ပွဲဖြစ်ပွားကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် (PPDF)က ထုတ်ပြန်သည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က ၆ ဦး ကျဆုံးပြီး ပုလောမဟာမိတ်တပ်ပေါင်းစုဖက်က အထိအခိုက် အကျဆုံးမရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းနောက် စစ်ကောင်စီတပ် တပ်စွဲထားရာ နန်းတောင်ကျေးရွာတံတားဘက်မှ ဂျက်ဂါနှင့် မှော်မိရွာဖက်သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။

“လက်နက်ကြီးတွေနဲ့ပစ်တာ အချက်ပေါင်း ရေထားလို့ကို မနိုင်တော့ဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မှော်မိရွာသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ရွာလုံးကျွတ် ထွက်ပြေးကြရပြီး တိုက်ပွဲဖြစ်ရာ အနီးဝန်း ကျင်မှ ဒေသခံများလည်း တိမ်းရှောင်ထွက်ပြေးကြရကြောင်း အဆိုပါရွာသားအချို့ကို မေးမြန်းချက်အရ သိရသည်။

လက်နက်ကြီးပစ်သံများကို မွန်းလွဲ ၁ နာရီခွဲအချိန်အထိ ကြားနေရသေးကြောင်း တိုက်ပွဲဖြစ်ရာ အနီးဝန်းကျင်ရှိ ရှမ်းဒွတ်ကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲ ဖြစ်ပွားချိန်မှ စတင်ကာ ဖုန်းလိုင်းများ ပြတ်တောက်သွားပြီး ယနေ့ ညနေပိုင်းတွင် ဂျက်ကာ၊ မှော်မိကျေးရွာ များ၌ ဖုန်းလိုင်း ပြန်လည် ရရှိကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲများ မကြာခဏဖြစ်လေ့ရှိသည့် နန်းတောင်၊ ပုလောကုန်း၊ ရှမ်းဒွတ် စသည့် ပုလောအရှေ့ဖျား ဒေသ ကျေးရွာအုပ်စုများတွင် PDF များ ခိုလုံနေသည်ဟုဆိုကာ ဆန်နှင့် စက်သုံးဆီများ သယ်ယူခွင့်ကို ကန့်သတ်ထားသည်။