ဘန်ကောက်တွင် မီးလောင်မှုကြောင့် သေဆုံးသူနှစ်ဦးတွင် မြန်မာလုပ်သားတစ်ဦးပါဝင်

0
315

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ဇွန်လ ၂၆ ရက်နေ့က မီးလောင်ကျွမ်းမှုကြောင့် လူ နှစ်ဦးသေဆုံးခဲ့ရာတွင် မြန်မာ အလုပ်သမားတစ်ဦးပါဝင်ကြောင်း ချက်ကရာဝက်ရဲစခန်းမှ ရဲချုပ် Pollawat Phromsorn က ပြောသည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဘန်ကောက်မြို့တော် စမ်းဖန်ထဝန်မြို့နယ်ရှိ ရတ်ချဝန်လမ်းမကြီးရှိ စမ်းဖိန်ဈေးအနီး သုံးထပ်အဆောက်အအုံတွင် အကြီးစား မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ဆိုင်ဝန်ထမ်းနှစ်ဦး သေဆုံးကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

မီးသတ်တပ်ဖွဲ့ဝင်နှင့် ကယ်ဆယ်ရေးလုပ်သား စုစုပေါင်း ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

သေဆုံးသူ၏ ရုပ်အလောင်းများကို စစ်ဆေးရာတွင် အသက် ၃၄ နှစ်အရွယ် (အမည်ကို ထိုင်းဘာသာဖြင့် မောင်ဖေ့ခ်ဒိမ်းဟုဖော်ပြ) မြန်မာအလုပ်သမားတစ်ဦးနှင့် အသက် ၅၂ အရွယ်ရှိ ထိုင်းနိုင်ငံသား ငွေကိုင်တစ်ဦး ပါဝင်ခဲ့ ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုနိုင်ခဲ့ကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြထားသည်။

ထိုနှစ်ဦးအနက် သေဆုံးသူ ထိုင်းနိုင်ငံသား၏ မိသားစုဝင်များနှင့် အဆက်အသွယ်ရရှိသော်လည်း မြန်မာနိုင်ငံသား အတွက်မူ ဆွေမျိုးများနှင့် အဆက်အသွယ် မရရှိသေးကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။

အဆိုပါမြန်မာအလုပ်သမားသေဆုံးမှုနှင့် ပက်သက်၍ ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးသို့ ဆက်သွယ်မေးမြန်းရာ သေဆုံးမှုတွင် မြန်မာနိုင်ငံသား ပါဝင်ခြင်း ဟုတ်မဟုတ် စုံစမ်းနေသည်ဟုသာ ဖြေကြားသည်။

အဆိုပါရုပ်အလောင်းများကို မီးလောင်ကျွမ်းခဲ့သော သုံးထပ်အဆောက်အအုံ၏ ပထမထပ်နှင့် ဒုတိယထပ်တို့တွင် တွေ့ရှိခဲ့ရကြောင်း ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထရမ်စဖော်မာမှတစ်ဆင့် မီးစတင်ကူးစက်လောင်ကျွမ်းသည်ဟု ခန့်မှန်းရကြောင်း ရဲတပ်ဖွဲ့က သတင်းဌာနများသို့ ပြောဆိုထားသည်။

ဆိုင်အတွင်းတွင် ပလက်စတစ်အိတ်များ၊ စက္ကူဘူးများ စသည့် မီးလောင်ကျွမ်းလွယ်သော ပစ္စည်းများစွာ ရှိသည့် အတွက် လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့သည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မီးသတ်တပ်ဖွဲ့က အဆိုပါမီးလောင်ကျွမ်းမှုကို တစ်နာရီခန့်အကြာတွင် ထိန်းချုပ်နိုင်ခဲ့ကြောင်း သတင်းဌာနများတွင် ဖော်ပြထားသည်။

ဆိုင်ခန်း ၇ ခန်း ပျက်စီးပြီး တန်ဖိုးဘတ်သန်း ၃၀ကျော် ပျက်စီးဆုံးရှုံးကြောင်းလည်း သတင်းများတွင် ဖော်ပြသည်။

မီးလောင်မှုနှင့်ပတ်သက်၍ ဘန်ကောက်မြို့တော်ဝန်က မီးဘေးသင့်သူ၊ နစ်နာသူများကို အရေးပေါ်အကူအညီ‌ပေးမည်ဖြစ်ပြီး မီးလောင်ရသည့် အကြောင်းအရင်းကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ပြောဆိုသည်။

နောက်ပိုင်းတွင် ပိုမိုကောင်းမွန်သော လျှပ်စစ်ဝါယာကြိုးများ အစားထိုးမည်ဟုလည်း ပြောဆိုကြောင်း သတင်းများတွင် ဖော်ပြသည်။

ယခုမီးလောင်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ လျှပ်စစ်ဓာတ်အားပေးစက်ရုံအား တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

Ref:  Bangkok Post, Khaosod Online