ကော့သောင်းမှ ထိုင်းသို့ လာသည့်စက်လှေ နစ်မြုပ်

0
476

ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ရေထွက်ကုန်ပစ္စည်း ပို့ဆောင်လာရန်လာသည့် စက်လှေ လှိုင်းထန် မှုကြောင့် တိမ်းမှောက်သွားပြီး လှေပေါ်ပါလာသည့် မြန်မာနှစ်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းတပ်မတော်တော်က ထုတ်ပြန်သည်။

ထိုင်းနိုင်ငံ ရနောင်းခရိုင် ကော့ဖီးကျွန်းအနီးတွင် မြန်မာလှေတစ်စီး ဇွန်လ ၂၆ရက်နေ့က လေပြင်းတိုက်ကာ လှိုင်းထန်မှုကြောင့် နစ်မြုပ်သွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံ ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ရေထွက်ပစ္စည်း လာပို့သော စက်လှေဖြစ်သည်ဟု ဖော်ပြထားသည်။

လှေနစ်မြှုပ်သွားချိန် မြန်မာလှေလုပ်သားနှစ်ဦးက ရေပေါ်တွင် မျောနေကာ အော်ဟစ်အကူ အညီတောင်းခံနေချိန် ကင်းလှည့်နေသည့် ထိုင်းစစ်သားများက တွေ့ရှိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့နောက် စစ်သားများက speed boat ဖြင့် သွားရောက်ကယ်တင်ခဲ့ကြောင်း ထိုင်းတပ်မတော်က ထုတ်ပြန်သည်။  

သို့သော် မြန်မာနှစ်ဦးမှာ မည်သူမည်ဝါဖြစ်သည်ကိုမူ ထုတ်ပြန်ထားခြင်းမရှိပေ။

မြန်မာနှစ်ဦးကို မေးမြန်းရာတွင် ၎င်းတို့သည် ကော့သောင်းမြို့မှတစ်ဆင့် ရနောင်းခရိုင် ပါက့်နမ်းဒေသရှိ ငါး‌ဈေးသို့ ရေထွက်ပစ္စည်း လာပို့ရာတွင် ထိုင်းရေပိုင်နက်အတွင်း လေကြီးလှိုင်းကြီးသဖြင့် နစ်မြုပ်ခြင်းဖြစ်သည်ဟု ထိုင်းစစ်သားများကို ဖြေကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနှစ်ဦးသည် အသက်လု ရေကူးခဲ့ရသဖြင့် မောပန်းနေသောကြောင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

စိတ်ချရသော အချိန်နောက်ပိုင်းတွင် ၎င်းတို့နှစ်ဦးကို ကော့သောင်းမြို့သို့ လှေဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။