မင်းထိန်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေ

0
317

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာအတွင်း စစ်ကောင်စီတပ်က ယနေ့ ဝင်ရောက်ရှာဖွေသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန် ၂၃ ရက် ယနေ့ နံနက် ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်း ဝင်ရောက်လာပြီး နေအိမ်များအတွင်း ဝင်ရောက်ရှာဖွေသွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က နေအိမ်များကို ဝင်ရောက်စစ်ဆေးစဉ် အမျိုးသားများကို မတွေ့သဖြင့် စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

၎င်းတို့ ဝင်ရောက်စစ်ဆေးသည့် အချိန်တွင် အမျိုးသားအများစုမှာ လယ်ယာ၊ ဥယျာဉ်ခြံမြေ လုပ်ငန်းခွင်များသို့ သွားရောက်နေကြချိန်ဖြစ်ကြောင်း ဒေသခံများကို မေးမြန်းချက်များအရ သိရသည်။

မင်းထိန်ကျေးရွာအိမ်ခြေ ၃၀၀ ရှိသည့်အနက် နေအိမ်ထက်ဝက်ကျော်ကို ရှာဖွေစစ်ဆေးသွားကြောင်း ၎င်းတို့က ဆိုသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က ရွာမှ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ကြောင်း ရွာသားများကပြောသည်။

မင်းထိန်၊ ပဝတ်ကုန်း၊ ကဒဲ စသည့်ကျေးရွာ အနီးတစ်ဝိုက်တွင် စစ်ကောင်စီယာဉ်တန်းများ မကြာခဏ မိုင်းဆွဲခံရလေ့ရှိပြီး စစ်ကောင်စီတပ်ကလည်း ကျေးရွာများအတွင်း ဝင်ရောက်ရှာဖွေဖမ်းဆီးလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်ရှိ ကျေးရွာများတွင်လည်း ယခုရက်ပိုင်းအတွင်း ကုန်းကြောင်း၊ ရေကြောင်း အသုံးပြုကာ အင်အားအများအပြားဖြင့် လောင်းလုံးမြို့နယ်အတွင်း ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများကဆိုသည်။