ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌအပါအဝင် လေးဦး ပစ်ခတ်ဖမ်းဆီးခံရ၊ တစ်ဦးသေဆုံး

0
202
U-Kyaw-Myo-Min
ပုံစာ - ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌအပါအဝင် လူလေးဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တို့က ပစ်ခတ်ဖမ်းဆီးသဖြင့် တစ်ဦးသေဆုံးသွားကြောင်း ပစ်ခတ်ခံရသူများနှင့် နီးစပ်သူတို့ထံမှ သိရသည်။

ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်း၊ ပါတီဝင် ဦးပန်းမြင့်၊ ပါတီဝင် ဦးကိုကိုမောင်နှင့် ဒေသခံ ရွာသားတစ်ဦးတို့ လယ်ကတဲကျေးရွာအနီးတွင် ဇွန်လ ၂၂ ရက်နေ့က ပစ်ခတ်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

အဆိုပါလေးဦးသည် ဆိုင်ကယ် နှစ်စီးဖြင့် သွားလာနေစဉ် ဘီးလင်းမြို့နယ် လယ်ကတဲကျေးရွာအနီးတွင် စစ်ကောင်စီ စစ်ကြောင်းတစ်ခုနှင့် တွေ့ပြီး ပစ်ခတ်ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။

ပစ်ခတ်ဖမ်းဆီးမှုကြောင့် ဦးကျော်မျိုးမင်းနှင့်အတူ လိုက်လာသည့် ရွာသားတစ်ဦး သေဆုံးသွားကြောင်း ဦးကျော်မျိုးမင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ပစ်ခတ်ခံရလို့ ရွာသားတစ်ယောက်က သေသွားတယ်။ ကိုကျော်မျိုးမင်းနဲ့ အခြား ၂ ဦးကိုတော့ ဖမ်းခေါ်သွားတယ်လို့ သိရတယ်” ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံထားရသူ သုံးဦး အခြေအနေကို သေသေချာချာ မသိရသေးကြောင်းလည်း ၎င်းက ပြောဆိုသည်။

ပစ်ခတ်ခံရသဖြင့် သေဆုံးသွားသူ ရွာသား၏ ရုပ်အလောင်းကို အခင်းဖြစ်နေရာတွင် ထားရစ်ခဲ့သည်ဟု သိရပြီး ယင်းရွာသား၏ ကိုယ်ရေးအချက်အလက်များကိုမူ သေသေချာချာ မသိရသေးကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

KNU သထုံခရိုင် တပ်မဟာ (၁) မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီကလည်း ဦးကျော်မျိုးမင်း၊ ဦးပန်းမြင့် ဦးကိုကိုမောင်တို့ ဖမ်းဆီးခံထားရပြီး ၎င်းတို့နှင့် ဆက်စပ်ပတ်သက်သူများ သတိပြုရှောင်ရှားကြရန် အသိပေးချက် ထုတ်ပြန်ထားသည်။

ဦးကျော်မျိုးမင်းသည် စစ်တပ်အာဏာသိမ်းပြီးနောက် အမှုဖွင့်ခံထားရကာ ထွက်ပြေးတိမ်းရှောင်နေရသူဖြစ်သည်။

၎င်းသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ထားပြီး အနိုင်ရရှိထားသူလည်း ဖြစ်သည်။