ပုလောတွင် ပြည်သူအချို့အသတ်ခံရမှု ၎င်းတို့လက်ချက်မဟုတ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ထုတ်ပြန်

0
292

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ပြည်သူအချို့ အသတ်ခံရမှုမှာ ၎င်းတို့အဖွဲ့က လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ပုလောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PRDF) က ဇွန်လ ၂၂ ရက်ညတွင် ထုတ်ပြန်လိုက်သည်။

ယခုရက်ပိုင်းအတွင်း ပုလောဒေသ၌ စစ်အာဏာရှင်တိုက်ဖျက်ရေး ရည်ရွယ်ချက်ဖြင့်သော်လည်းကောင်း၊ အခြား အမျိုးမျိုးသော အကြောင်းများကြောင့် သော်လည်းကောင်း အပြစ်မဲ့ မိဘပြည်သူများ ထိခိုက်နေသည်ဟု သိရှိရကြောင်း PRDF က ထုတ်ပြန်သည်။

အထူးသဖြင့် မင်းထိန်ရွာနေ အမျိုးသမီးတစ်ဦး အသတ်ခံရမှု၊ တိုရွာတွင် Non CDM ဝန်ထမ်း အသတ်ခံရမှုနှင့် မကျည်းကုန်းရွာတွင် အမျိုးသားနှစ်ဦး ပစ်ခတ်ခံရသည့်ကိစ္စများနှင့်ပတ်သက်၍ မိဘပြည်သူများ စိတ်မလုံခြုံမှု၊ ဘဝင်မကျမှုများ ဖြစ်ပေါ်နေသည်ကို ကြားသိရ၍ စိတ်မကောင်းဖြစ်မိဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။  

အထထ်ပါ ဖြစ်ရပ်များကို PRDF က လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

PRDF သည် ပြည်သူအတွက် ရပ်တည်၍ တိုက်ပွဲဝင်နေခြင်းဖြစ်သည့်အတွက် အပြစ်မဲ့ပြည်သူများကို ထိခိုက်မှု ရှိအောင် မလုပ်သည့်အပြင် ပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်နေသည်ကို သိရ၍ များစွာစိတ်မကောင်း ဖြစ်ရကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

PRDF သည် စစ်အာဏာရှင်ဒေါက်တိုင် တိုက်ခိုက်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် သေချာစိစစ်ပြီးမှ ရှင်းလင်း ခြင်းဖြစ်ပြီး တစ်စုံတစ်ရာအမှားအယွင်းခဲ့လျှင်လည်း ဖုံးကွယ်ထားခြင်းမရှိဘဲ တာဝန်ယူဖြေရှင်းပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

မင်းထိန်နှင့် တိုရွာဖြစ်စဉ်တို့တွင် သတ်ဖြတ်ခံရသည့် နေ့ရက်၊ အသတ်ခံရသူအမည် စသဖြင့် အသေးစိတ် အချက်အလက်များကိုမူ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

မကျည်းကုန်းရွာတွင် ဇွန်လ ၂၁ရက်န့ နံနက်ပိုင်းက လက်ဖက်ရည်ဆိုင်နေသည့် အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ပစ်ခတ်ခံရသဖြင့် အသက် ၆၀ ဝန်းကျင်ရှိ ဦးမောင်စိုးဆိုသူ ယင်းနေရာတွင် ပွဲချင်းပြီးသေဆုံးကာ ၎င်းနှင့်အတူ ထိုင်နေသည့် ဦးဆန်းဦးဆိုသူတွင် ပေါင်နှစ်ဖက်နှင့် ဝမ်းဗိုက်တို့တွင် ဒဏ်ရာရရှိခဲ့သဖြင့် မြိတ်ဆေးရုံတွင် တက်ရောက် ကုသနေရကြောင်း ၎င်းတို့ထံမှ သိရသည်။

ဦးမောင်စိုးမှာ ရွာတွင် ဥယျာဉ်ခြံလုပ်ကိုင်သူဖြစ်ပြီး ဦးဆန်းဦးမှာ ပုလောမြို့တွင်နေထိုင်သည့် ကျောက်မိုင်းပိုင်ရှင် စီးပွားရေး လုပ်ငန်းရှင်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

နောက်ထပ် ဖြစ်စဉ်နှစ်ခုကို Dawei Watch အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။