ထိုင်းတွင် နှစ်ရက်အတွင်း တရားမဝင် ဝင်သည့် မြန်မာလုပ်သားနှစ်ရာကျော်အဖမ်းခံရ

0
230
Migration

ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၂၁၄ ဦး ဖမ်းဆီးရမိကြောင်း ထိုင်းတပ်မတော်က ယ‌နေ့ (ဇွန်၂၁) သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၉ရက်နှင့် ၂၀ ရက်တို့တွင် အဖမ်းခံရခြင်းဖြစ်သည်။

မြန်မာအလုပ်သမားများသည် ထိုင်း-မြန်မာနယ်စပ်ဖြစ်သော တနင်္သာရီတိုင်း မောတောင်‌နယ်စပ်မှတစ်ဆင့် ပရာကျွတ်ခီရီခန်ခရိုင်အတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် ဖမ်းမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းတို့ကို နေရာခုနစ်ခုတွင် သီးခြားစီ ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ယင်းမြန်မာအလုပ်သမား ၂၁၄ ဦးတွင် အမျိုးသား ၁၆၄၊ အမျိုးသမီး ၅၀ ဦးတို့ပါဝင်ကာ ထိုင်းနိုင်ငံသားလမ်းပြ ၂ ဦးနှင့်အတူ ကားတစ်စီးကိုပါ ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ထားသည်။

မြန်မာအလုပ်သမားများသည် ထားဝယ်၊ မြိတ်၊ ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်မြို့တို့မှ လာခြင်းဖြစ်ပြီး ထိုခရီးစဉ်အတွက် တစ်ဦးလျှင် ဘတ် ၂၀၀၀၀ မှ ၂၅၀၀၀ အထိ ပွဲစားကို ပေးချေရမည်ဖြစ်သည်ဟု ထွက်ဆိုကြကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာအလုပ်သမားများသည် ဘန်ကောက်၊ စမူစခွန်၊ ဖာတ်ချဘူရီ၊ ပရာကျွတ်ခီရီခန်၊ ချွန်ဖွန်နှင့် စွန်ခရာခရိုင်တို့တွင် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ဝင်ရောက်လာကြခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့နောက် မြန်မာလုပ်သားများကို ကိုဗစ်ပိုး ရှိမရှိ စစ်ဆေးခဲ့ရာ မတွေ့ရှိရသဖြင့် ခလွန်ဝါန်ရဲစခန်းနှင့် အိုးနွိုင်ရဲစခန်းတို့တွင် ထိန်းသိမ်းထားပြီး ဆက်လက်အရေး‌မည်ဟုလည်း ထုတ်ပြန်ထားသည်။

ပြည်တွင်းနိုင်ငံရေးမလုံခြုံမှုနှင့် အလုပ်အကိုင်ရှားပါးလာမှုတို့ကြောင့် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသဖြင့် ဖမ်းဆီးခံရခြင်း၊ ကားမတော်တဆဖြစ်ခြင်းနှင့် ပစ်ခတ်ဖမ်းဆီးခံရခြင်းများ မကြာခဏ ကြုံတွေ့ရလေ့ရှိသည်။

Ref: กองทัพบก royal thai army