လောင်းလုံး ပညစ်ရွာသားသုံးဦးအဖမ်းခံရပြီး ‌ရွာသားနှစ်ရာခန့် ထွက်ပြေးတိမ်းရှောင်

0
553

လောင်းလုံးမြို့နယ်၊ ပညစ်ရွာသို့ ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အိမ်ခြေ ၁၈၀ ခန့်ရှိသည့် ယင်းကျေးရွာက ဒေသခံရွာသား နှစ်ရာခန့်မှာလည်း ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ၎င်းတို့ထံမှ သိရသည်။

ဇွန်လ ၁၈ ရက်မှ ၂၀ ရက် နံနက်ပိုင်းအထိ စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ် တီဇစ်ရွာတွင်လည်း ယင်းသို့ အလားတူ ရှာဖွေခဲ့ကာ ဒေသခံ ၂၀ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့သည့်အနက် အများစုကို ပြန်လွှတ်ပေးကာ ငါးဦး စစ်သင်္ဘောဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းရွာဒေသခံများက ပြောဆိုကြသည်။

ရှေ့တွင် ယင်းသို့ ဖမ်းဆီးမှုများ ဖြစ်ပွားထားသဖြင့် ပညစ်ရွာက ဒေသခံများလည်း စိုးရိမ်ကာ ထွက်ပြေးတိမ်းရှောင်ကြခြင်းဖြစ်ကြောင်း ပညစ်ရွာသားများထံမှ သိရသည်။

တီဇစ်ကျေးရွာဘက်မှ ရေကြောင်း၊ ကုန်းကြောင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် အင်အား ၇၀ ခန့်သည် ဇွန်လ ၂၀ ရက် နံနက်ပိုင်းက ပညစ်ရွာသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

တစ်အိမ်တက်ဆင်း၍ အိမ်ထောင်စုစာရင်း စစ်ဆေးပြီးနောက် ရွာသား ခုနှစ်ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ရာ လေးဦးကို ပြန်လွှတ်ပေးခဲ့ပြီး သုံးဦးကိုမူ လောင်းလုံးမြို့မ ရဲစခန်းသို့ ခေါ်ယူစစ်ဆေးနေကြောင်း ဒေသခံများက ပြောဆိုသည်။

ဖမ်းဆီးခံထားရသူများမှာ အသက် ၄၀ အရွယ်များဖြစ်သည့် ဒေါ်ခင်မျိုးနွယ်၊ ဒေါ်မူမြင့်နှင့် အသက် ၅ဝအရွယ် ဦးတင်အေးဆိုသူတို့ဖြစ်ကြကြောင်း ဒေသခံများထံမှ သိရသည်။

ဦးတင်အေးမှာ တီဗီ‌ ရောဂါဝေဒနာရှင်တစ်ဦးဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“အိမ်ထောင်စုစာရင်းစစ်တယ်။ အိမ်ထောင်စုစာရင်းမှာ လူမရှိရင် ဘယ်သွားလဲ၊ ဘာလုပ်လဲလို့ မေးတယ်။ နောက်ပြီး PDF တွေလာလား၊ ရွာမှာရှိလားလို့လည်း မေးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အထက်ပါ ဒေသခံသုံးဦးကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကိုမူ အတည်မပြုနိုင်သေးပေ။

လူမရှိသည် နေအိမ်ခြောက်လုံးနှင့် ဆိုင်ကယ်တစ်စီးလည်း ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံတို့၏ ပြောဆိုချက်အရ သိရသည်။

စစ်ကောင်စီတပ်သည် အင်အားအလုံးအရင်းဖြင့် ယခုရက်ပိုင်းအတွင်း လောင်းလုံးမြို့နယ်တွင် ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုများပြုလုပ်နေကြောင်း လောင်းလုံးမြို့နယ်က ဒေသခံများထံ မေးမြန်းချက်များအရ သိရသည်။

ယင်းဖြစ်စဉ်များကြောင့် လောင်းလုံးမြို့နယ်တွင် ဇွန်လ ၁၆ ရက်မှ ၂၀ ရက်အထိ ငါးရက်အတွင်း အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦး သေဆုံးပြီး အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာ ရရှိကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့(ပအဖ) က ဇွန်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၈ဦးအထိ အဖမ်းခံထားရပြီး ဒေသခံ သုံးထောင်ခန့်မှာ ကျေးရွာများကို စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ပညစ်ရွာသည် လောင်းလုံးမြို့၏အနောက်မြောက်ဖက် သုံးမိုင်ခန့်အကွာ အန်ဒမန်ပင်လယ်၏ ကမ်းရိုးတန်းတွင် တည်ရှိပြီး ဒေသခံအများစုမှာ တံငါလုပ်ငန်းဖြင့် အသက်မွေးကြသည်။