လောင်းလုံး တီဇစ်ရွာသားငါးဦး ဖမ်းဆီးခေါ်ဆောင်ခံရ

0
679

လောင်းလုံးမြို့နယ်၊ တီဇစ်ကျေးရွာမှ ရွာသားငါးဦးကို ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်က စစ်သင်္ဘောဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၁၈ ရက်နေ့ ညနေပိုင်းမှစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကုန်းကြောင်း၊ ရေကြောင်း ပူးပေါင်း၍ အင်အား ခုနှစ်ဆယ်ခန့်ဖြင့် ယင်းကျေးရွာအား စစ်ကြောင်းထိုးရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယင်းသို့ရှာဖွေရာ ဇွန်လ ၂၀ ရက်နေ့အထိ အမျိုးသား၊ အမျိုးသမီး ၂၀ ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် အများစုကို ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူတို့မှာ အသက် ၄၀ အရွယ်များဖြစ်သည့် ဦးဆန်း၊ ဦးရွှေဦး၊ ဦးမောင်ကျော်၊ ဒေါ်ဖွားသိန်းနှင့် ၎င်း၏သမီးဖြစ်သူ အသက် ၁၈နှစ်အရွယ် မဂန္ဓာတို့ဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါ ‌ကျေရွာသား ငါးဦးကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ဆိုခြင်းကိုမူ အတည်မပြုနိုင်သေးပေ။

 ၎င်းတို့မှာ ဈေးရောင်းသူနှင့် တံငါလုပ်ငန်းလုပ်ကိုင်ကြသူများဖြစ်ကြပြီး ယင်းကျေးရွာထဲသို့ စစ်ကောင်စီတပ် ဝင်ရောက်စစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

 “ရွာထဲ ဝင်လာတယ်။ တစ်အိမ်တက် တစ်အိမ်ဆင်း အိမ်ထောင်စုစာရင်းစစ်တယ်။ သူတို့မသင်္ကာတဲ့သူဆို ဖမ်းခေါ် ထားလိုက်တယ်” ဟု ၎င်းက ရှင်းပြသည်။

ယင်းသို့ဝင်ရောက်စစ်ဆေးစဉ် တံခါးပိတ်ပြီး ပုန်းနေသူများနှင့် ထွက်ပြေး တိမ်းရှောင် နေသူတို့၏ နေအိမ် သုံးဆောင်ခန့်မှာလည်း ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သည် အင်အားအလုံးအရင်းဖြင့် လောင်းလုံးမြို့နယ်တွင် ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုများကို ပြုလုပ်နေကြောင်း လောင်းလုံးမြို့နယ်က ဒေသခံများထံ မေးမြန်းချက်များအရ သိရသည်။

ယင်းဖြစ်စဉ်များကြောင့် လောင်းလုံးမြို့နယ်တွင် ဇွန်လ ၁၆ ရက်မှ ၂၀ ရက်အထိ ငါးရက်အတွင်း အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦး သေဆုံးပြီး အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာ ရရှိကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့(ပအဖ) က ဇွန်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

 အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၈ဦးအထိ အဖမ်းခံထားရပြီး ဒေသခံ သုံးထောင်ခန့်မှာ ကျေးရွာများကို စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ယင်းအပြင် နေအိမ်သုံးလုံး မီးရှို့ခံရသည့်အနက် တစ်လုံးမှာ ပြာကျပျက်စီးသွားကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

တီဇစ်ရွာသည် လောင်းလုံးမြို့၏တောင်ဖက် အန်ဒမန်ပင်လယ်၏ ကမ်းရိုးတန်းတွင်ရှိပြီး ဒေသခံအများစုမှာ တံငါလုပ်ငန်းဖြင့် အသက်မွေးကြသည်။