ကျွန်းစုတွင် အိမ်အကူမိန်းကလေးငယ်ကို ရေနွေးပူဖြင့်လောင်းပြီး နှိပ်စက်

0
364

မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၊ ကမ်းကြီးရွာတွင် အသက် ၁၁ နှစ်အရွယ် အိမ်အကူမိန်းကလေးငယ်ကို အိမ်ရှင်က ရိုက်နှက်နှိပ်စက်သည့်အပြင် ရေနွေးပူဖြင့်လောင်းခဲ့မှုကြောင့် ဆေးရုံတင်ထားရကြောင်း ဒေသခံများ ထံမှသိရသည်။

မနေ့က (ဇွန် ၂ ၀)ကမ်းကြီးကျေးရွာမှ စားသောက်ဆိုင်ပိုင်ရှင် လင်မယားနှစ်ဦးက အိမ်တွင်အကူခေါ်ထားသည့် ယင်းမိန်းကလေးငယ်ကို ရိုက်နှက်ပြီး ရေနွေးပူဖြင့်လောင်းနေသည်ကို တွေ့ရသဖြင့် အိမ်နီးချင်းများက အတင်းသွားရောက်ခေါ်ယူကာ ကျွန်းစုမြို့ဆေးရုံသို့တင်ထားကြောင်း ရွာသားများကပြောသည်။

“ရိုက်ထားလို့လည်း ဖူးရောင်နေတယ်။ နောက်ကျောတစ်ပြင်လုံးလည်း ရေနွေးနဲ့လောင်းထားတာ မြင်မကောင်းဘူး”ဟုဒေသခံ အမျိုးသားကပြောသည်။

အဆိုပါမိန်းကလေးငယ်သည် ဘုတ်ပြင်းမြို့နယ်၊ရွှေဂဲညို ကျေးရွာတွင်နေထိုင်သူဖြစ်ပြီး အိမ်ရှင်မှ တစ်နေကုန်အလုပ်များ ခိုင်းစေသည်ဟု ဒေသခံများကဆိုသည်။

အိမ်နီးချင်းများ၏ တိုင်တန်းမှုကြောင့် လက်ရှိတွင် အဆိုပါလင်မယားနှစ်ဦးကို ကျွန်းစုရဲစခန်းက ဇွန်လ ၂၀ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က လာရောက်ဖမ်းဆီးသွားသည်ဟု ဒေသခံများကပြောသည်။

“တစ်နေကုန် ရေထမ်းခိုင်းတယ်လို့သိရတယ် ဒီဆိုင်မှာအလုပ်လုပ်နေကြတာ ရွှေဂဲညို ကကောင်မလေးတွေ အများကြီးရှိတယ်” ဟု ဒေသခံအမျိုးသားကပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျူးလွန်သည့် ဆိုင်ရှင် ၂ ဦးကို ဆက်သွယ်မေးမြန်း၍ မရသေးသဖြင့် ဒေသခံများ၏ ပြောဆိုချက်များကိုသာ သိရှိရသေးသည်။

ယင်းသို့ပင် ကျွန်းစုရဲစခန်းကို ဆက်သွယ်မေးမြန်းရန် အခက်အခဲများရှိနေသဖြင့် မေးမြန်းနိုင်ခြင်း မရှိပေ။