မြိတ်-ကော့သောင်းလမ်း အစစ်အဆေးတင်းကျပ်

0
534
ဘုတ်ပြင်း ကော့သောင်းလမ်းတနေရာ

မြိတ်ဖက် – ကော့သောင်းလမ်းတွင် ခရီးသည်တင်ကားများကို ယခုရက်ပိုင်းအတွင်း အစစ်အဆေးတင်းကျပ် နေကြောင်း ယာဉ်မောင်းများနှင့် ခရီးသည်များထံမှ သိရသည်။

မြိတ်မှ ကော့သောင်းသို့သွားနေသည့် ခရီးသည်တင်ကားများကို ပသောင်းတံတား ကြေးနန်းတိုင်ဂိတ်၊ တနင်္သာရီတံတား၊ ချောင်းလမု၊ လေညာ၊ ဘုတ်ပြင်းစသည့် ဂိတ်များတွင် တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း ၎င်းတို့က ပြောသည်။

“စာရင်းရထားတဲ့ လူတွေကို ရှာသလို စစ်နေတဲ့ ပုံစံရှိတယ်။ လေညာမှာတော့ (စစ်ဆေးတာ) အကြမ်းဆုံးပဲ” ဟု ကားသမားတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် ကိုဗစ်ဆေးလက်မှတ်ကိုသာ အဓိကထား စစ်ဆေးနေရာမှ ယခုရက်ပိုင်းအတွင်း နိုင်ငံသား စိစစ်ရေးကတ်ကို အဓိကထား စစ်ဆေးနေကြောင်း ကားသမားအချို့က ပြောဆိုသည်။

နိုင်ငံသားစိစစ်ရေးကတ်ပါ ဓာတ်ပုံနှင့် ခရီးသည်မျက်နှာကို တိုက်ဆိုင်စစ်ဆေးပြီး နှာခေါင်းစည်း တပ်ထားသူများ ဆိုလျှင် နှာခေါင်းစည်း ချွတ်ခိုင်းကြောင်း ကားသမားများက ဆိုသည်။

“အရင်က ဒီလောက်အထိ စစ်တာ မရှိဘူး။ အဓိကက မှတ်ပုံတင်ပဲ။ ၆ မျဉ်းဇောင်းတွေကတော့ ပြဿနာသိပ်မရှိဘူး။ အထက်ကလာတဲ့ မျဉ်းဇောင်းတွေကိုတော့ တအားစစ်တယ်” ဟု ခရီးသည်တင်ကားသမား နောက်တစ်ဦးက ပြောသည်။

အထက်လာသည်ဆိုခြင်းမှာ အခြားတိုင်းနှင့် ပြည်နယ်များမှ လာရောက်သည့် ခရီးသည်များကို ဆိုလိုခြင်းဖြစ်ပြီး ယင်းအနက် ခရီးသည်အချို့ကို မသင်္ကာသည်ဟုဆိုသဖြင့် စစ်ဆေးရန် ချထားပေးခဲ့ရသည့် ဖြစ်စဉ်အချို့လည်း ရှိကြောင်း ကိုယ်တိုင်ကြုံခဲ့သည့် ကားသမားအချို့၏ ပြောဆိုချက်အရ သိရသည်။

ယင်းသို့ ချထားခြင်းခံရသည့် ခရီးသည်အချို့မှာ မူလ လာရာနေရပ်သို့ ပြန်လည်ပို့ဆောင်ခြင်း ခံရသည်ဟု ပြန်ကြား ရသော်လည်း သေချာမသိရကြောင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။

စစ်ဆေးရန်ရှိသည်ဟုဆိုသဖြင့် စစ်ဆေးရေးဂိတ်တွင် ထားခဲ့ရသည့် ခရီးသည်မည်မျှရှိသည်ကိုမူ အတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

မြိတ်မှ ကော့သောင်းသို့ သွားသည့် ကားများကို အစစ်အဆေး တင်းကျပ်နေသော်လည်း ကော့သောင်းမှ မြိတ်သို့ သွားသည့် ကားများကိုမူ စစ်ဆေးမှု နည်းကြောင်း ကားသမားများက ပြောဆိုသည်။

မြိတ်-ကော့သောင်း ကားလမ်းတွင် ယခုရက်ပိုင်းအတွင်း မည်သည့်အကြောင်းအရင်းကြောင့် အစစ်အဆေး တင်းကျပ်နေသည်ကို တိတိကျကျ မသိရသေးကြောင်း ကားသမားများက ဆိုသည်။

ထိုင်းနှင့် မြန်မာနိုင်ငံဆက်သွယ်ထားသည့် နယ်စပ်ဂိတ်လေးခုရှိသည့်အနက် ရေချင်းထိစပ်နေသည့် ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်ကို ဇွန်လ ၆ ရက်နေ့ကစပြီး တရားဝင် ဖြတ်သန်းခွင့်ပြုခဲ့ပြီးနောက် အထက်ဖက်မှခရီးသည် လာရောက်ခြင်းများ ရှိလာနေကြောင်း ယာဉ်မောင်းများက ဆိုသည်။

နယ်စပ်ဂိတ်များဖြစ်သည့် မောတောင်နှင့် ထီးခီးဂိတ်ကိုတော့ လက်ရှိအချိန်ထိ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး ဘုတ်ပြင်း၊ လေညာဖက်တွင် လည်း ပြီးခဲ့သည့်လက တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။