လောင်းလုံးတွင် ပစ်ခတ်ခံရသဖြင့် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ၊ နေအိမ်နှစ်ဆောင်လည်း မီးရှို့ခံရ

0
373

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ဇွန်လ ၁၆ ရက်နေ့ ညက ပစ်ခတ်ခံရမှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာ အပြင်းအထန်ရသည့်အပြင် နေအိမ်နှစ်ဆောင်လည်း မီးရှို့ခံရကြောင်း ဒေသခံအချို့က ပြောသည်။

လောင်းလုံးမြို့ အရှေ့ဖက် ၄ မိုင်ခန့်အကွာ ဝေဒီကျေးရွာသို့ စစ်ကောင်စီတပ်သားများ ဇွန်လ ၁၆ ရက် ည ၁၀ နာရီအချိန်က ရောက်ရှိလာပြီးနောက် ယင်းသို့ဖြစ်ပွားခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် ဒေါ်သန်းဌေးဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နေအိမ်လည်း မီးရှို့ခံရကြောင်း ဒေသခံအချို့က ပြောသည်။

“ဒေါ်သန်းဌေးက အိမ်မှာက ကုန်စုံဆိုင်လေး ရှိတယ်။ အခု အဲဒီကုန်စုံဆိုင်လည်း မီးလောင်သွားပြီ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယင်းနောက် ဒေါ်သန်းဌေးနှင့် တစ်ခြံတည်းတွင်နေထိုင်သည့် တူမဖြစ်သူ မနွယ်နီဌေးကိုလည်း ဖမ်းဆီးသွားပြီးနောက် လောင်းလုံး-ပြင်းထိန်သွားလမ်း တစ်နေရာတွင် သေနတ်ဒဏ်ရာဖြင့် ပစ်ထားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

၎င်းအမျိုးသမီးနှစ်ဦးစလုံးသည် ဒဏ်ရာအပြင်းအထန် ရရှိထားသဖြင့် ဆေးရုံသို့ ညတွင်းချင်း တင်ပို့ထားရကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ယင်းနေ့ည ၁၁ နာရီကျော်တွင်လည်း လောင်းလုံးမြို့ တောင်ဘက် ၅ မိုင်ခန့်အကွာ ဂေါ့အင်းကျေးရွာသို့ စစ်ကောင်စီ တပ်သားများ ရောက်လာခဲ့ပြီး ဂေါ့အင်းဈေးအနီးရှိ ဒေါ်‌အေမီဖြိုး‌ဝေ (ခေါ်) မဖြိုးနေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းနောက်တွင် ဒေါ်‌အေမီဖြိုး‌ဝေမှာ သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးသွားသည်ကို တွေ့မြင်ရကြောင်း ၎င်းတို့က ဆိုသည်။

ပစ်ခတ်ခံရမှုကြောင့် ဒေါ်အေမီဖြိုးဝေမှာ နေရာတွင်ပင် သေဆုံးသွားပြီး နေအိမ်မှာ မီးရှိုႈ႕ခံရသော်လည်း ဒေသခံများက အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့သဖြင့် မီးလောင်ပျက်စီးခြင်း မရှိကြောင်း ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) သတင်းထုတ်ပြန်ထားသည်။

ယခင်ကလည်း မအေမီဖြိုးဝေ၏ ဖခင်ဖြစ်သူမှာ ရက်ပိုင်းမျှ ဖမ်းဆီးစစ်ဆေးခံခဲ့ရဖူးသည်။ ယင်းအပြင် ပျူစောထီး အဖွဲ့ကလည်း မအေမီဖြိုးဝေတို့အိမ်အား သေနတ်ဖြင့် လာရောက်ပစ်ခတ်သည့်ဖြစ်စဉ်လည်း ယခင်က ဖြစ်ပွားခဲ့ ဖူးသည်။

အထက်ပါ ဝေဒီနှင့် ဂေါ့အင်းကျေးရွာ ပစ်သတ်ခံရခြင်းနှင့် နေအိမ်ရှို့ခံရခြင်းတို့မှာ မည်သည့်အတွက် လုပ်ဆောင်သည်ကိုမူ တိတိကျကျ မသိရသေးပေ။

စစ်ကောင်စီတပ်သားများ ဂေါ့အင်းရွာအတွင်း လိုက်လံရှာဖွေနေစဉ်တွင် အသက် ၅၀ ဝန်းကျင် နှလုံးရောဂါဝေဒနာရှင် ဒေါ်မညံဆိုသူမှာလည်း နှလုံးအမောဖောက် သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

“မဖြိုးအိမ်နဲ့ ဒေါ်မညံအိမ်က နည်းနည်းဝေးသေးတယ်။ ဒေါ်မညံအိမ်နားက ဝက်သားတုတ်ထိုးရောင်းတဲ့အိမ်ကို ဝင်ရှာနေတာကို တွေ့လို့ လန့်ပြီး အမောဖောက်သေသွားတယ်လို့ ကြားရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းအပြင် ည ၁ နာရီခန့်တွင်လည်း ဂေါ့အင်းနှင့် ညင်းမော်ရွာကြားရှိ ကြယ်တောင်တွင် အသက် ၂၀ ကျော် လူငယ်နှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရထားကြောင်း ညင်းမော်ဒေသခံအချို့က ပြောသည်။

ကြယ်တောင်တွင် ပစ်ခံရသဖြင့် သေဆုံးသွားသူမှာ ဂေါ့အင်းကျေးရွာနေ ကိုဇော်‌ဇော်လတ်ဆိုသူဖြစ်ပြီး ဒဏ်ရာရသူမှာ ညင်းမော်‌ကျေးရွာအုပ်စု ရင်းဘုတ်ရွာနေ ကိုနေလင်းကိုဆိုသူဖြစ်ကြောင်း ဒေသခံတို့က ပြောကြားသည်။

လက်ရှိတွင် ဂေါ့အင်းရွာက မအေမီဖြိုးဝေနှင့် ကိုဇော်လတ်တို့အလောင်းကို ရင်ခွဲစစ်ဆေးရန်ဟုဆိုကာ အရေးပေါ်ကားဖြင့် ဆေးရုံသို့တင်ဆောင်သွားပြီး နှလုံးအမောဖောက်သေဆုံးသွားသည့် ဒေါ်မညံအလောင်းကိုမူ နေအိမ်တွင် ပြင်ဆင်ထားကြောင်း ဒေသခံအချို့က ပြောသည်။

လက်ရှိတွင် ဝေဒီရွာ၌မူ ဒေသခံအချို့ တိမ်းရှောင်နေကြပြီး ဂေါ့အင်းကျေးရွာအပါအဝင် အနီးနားကျေးရွာအချို့တွင်မူ ယနေ့ (ဇွန် ၁၇) နံနက်ပိုင်း လူသွားလူလာ နည်းပါးတိတ်ဆိတ်နေကာ ဈေးတွင်လည်း ရောင်းသူ ဝယ်သူ သိသိသာသာ နည်းပါးနေကြောင်း ဒေသခံအချို့က ပြောသည်။