လယ်သစ်ကျေးရွာတွင် တိုက်ပွဲထပ်ဖြစ်နေ

0
267
LaeThit

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ လယ်သစ်ကျေးရွာအနောက်ကမ်းတွင် တိုက်ပွဲထပ်မံဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၁၅ ရက်နေ့က နှစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဇွန်လ ၁၇ရက် ညမှစပြီး တိုက်ပွဲထပ်မံဖြစ်ပွားနေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ည ၈ နာရီခွဲကနေ ၁၀ နာရီ ၁၁ နာရီလောက်အထိ ပစ်ကြတယ်။ အခုလည်း မိုးလင်းကတည်းက ထပစ်နေကြတယ်။ လက်နက်ကြီးရော လက်နက်ငယ်ပါ တအားပဲ ပစ်နေကြတာ” ဟု လယ်သစ်ရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။

ယနေ့ မွန်းလွဲပိုင်းအချိန်အထိ ပစ်ခတ်နေကြဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ခုထိ ပန်းကြားပန်းကြား (မကြာမကြာ) ပစ်နေတုန်းပဲသေး။ လက်နက်ကြီးတွေက ပစ်မှပစ်ပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့က လက်ရှိအချိန်တွင် လယ်သစ်အနောက်ကမ်း စာသင်ကျောင်း၌ တပ်စွဲထားပြီး ယင်းစာသင်ကျောင်းအတွင်း စစ်ကောင်စီဖက်က ဒဏ်ရာရထားသူအချို့နှင့် သေဆုံးသူအချို့ ရှိနေသည်ဟုလည်း ကြားသိရကြောင်း ဒေသခံများက ပြောဆိုသည်။

သို့သော်အထက်ပါပြောဆိုချက်နှင့် ပတ်သက်၍ Dawei Watch အနေနှင့် သီးခြားအတည် မပြုနိုင်သေးပေ။

ယင်းကျေးရွာရှိ နေအိမ်နှင့် ဈေးဆိုင်အချို့လည်း ဖျက်ဆီးခံထားရပြီး ဆိုင်က ပစ္စည်းအချို့ မြစ်ချောင်းအတွင်း မျောပါနေသည်ကို တွေ့ရှိရသည်ဟု ဒေသခံများက ပြောဆိုသည်။

လက်ရှိအချိန်တွင် လယ်သစ်အနောက်ကမ်းနှင့် အရှေ့ကမ်းမှ ရွာသားအားလုံးနီးပါး ဘေးလွတ်ရာ တောတောင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၁၅ရက်နေ့က တိုက်ပွဲတွင် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရကာ အရာရှိအဆင့် အပါအဝင် သုံးဦး ထွက်ပြေးနေကြောင်း တနင်္သာရီကာကွယ်ရေးပြောက်ကျားအဖွဲ့က ဇွန်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မြိတ်-ကော့သောင်း ကားလမ်းတစ်လျှောက်တွင်လည်း လွန်ခဲ့သည့် နှစ်ရက်ခန့်ကစပြီး ခရီးသည်တင်ကားများအား
အစစ်အဆေး တင်းကျပ်နေကြောင်း ကားသမားများထံမှ သိရသည်။

လယ်သစ်ကျေးရွာ အရှေ့ကမ်းနှင့် အနောက်ကမ်းပေါင်းလျှင် အိမ်ခြေ တစ်ထောင်ကျော်ရှိပြီး ကျေးရွာအား တနင်္သာရီမြစ်လက်တက်ပေါ်ရှိ မြစ်ကမ်းတစ်ဖက်တစ်ချက်ပေါ်တွင် တည်ထားသည်။