ပုလောမြို့တွင် ဆိုင်ပိုင်ရှင်ငါးဦး ဖမ်းဆီးခံရ

0
396

မြိတ်ခရိုင် ပုလောမြို့တွင် ကုန်မာဆိုင်ပိုင်ရှင် ငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း မြို့ခံများထံမှ သိရသည်။

ဇွန်လ ၁၅ ရက်ညက ဆိုင်ကယ်အပိုပစ္စည်းဆိုင်ပိုင်ရှင်တစ်ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ယနေ့ (ဇွန် ၁၆) အာရုံတက်ချိန်တွင်လည်း ကုန်မာဆိုင်ပိုင်ရှင် လေးဦးကို လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံများက ပြောသည်။

အထက်ပါဆိုင်ပိုင်ရှင် ငါးဦးတွင် အမှတ် (၂) ရပ်ကွက်က လေးဦး၊ အမှတ် (၄) ရပ်ကွက်က တစ်ဦးပါဝင်ပြီး ၎င်းတို့အနက် အမျိုးသမီးနှစ်ဦး ပါဝင်ကြောင်း မြို့ခံများကို မေးမြန်းချက်အရ သိရသည်။

“ဘာကြောင့် လာခေါ်သွားတယ်ဆိုတာ ကျွန်တော်တို့လည်း မသိရသေးဘူး” ဟု ဆိုင်ရှင်အချို့နှင့် နီးစပ်သည့် မြို့ခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့် မေ ၁၅ ရက်ကလည်း ပုလောမြို့နေ အမျိုးသမီးတစ်ဦး ပုလောကားဂိတ်တွင် အဖမ်းခံခဲ့ရပြီး ယနေ့အထိ ပြန်မလွတ်သေးကြောင်း မြို့ခံများထံမှ သိရသည်။