တနင်္သာရီ လယ်သစ်ရွာအနီးတွင် တိုက်ပွဲဖြစ်

0
429
LaeThit

မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာအနောက်ကမ်းတွင် ယနေ့ (ဇွန် ၁၅) ညနေ ၃ နာရီဝန်းကျင်က တိုက်ပွဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

လယ်သစ်အနောက်ကမ်းသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်နှင့် တိုက်ပွဲဖြစ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“လက်နက်ကြီး ပစ်သံတွေလည်း ကြားခဲ့ရတယ်။ လက်နက်ငယ်သံရောပဲ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

ညနေ ၅နာရီဝန်းကျင်တွင် ပစ်ခတ်သံများ ရပ်သွားကြောင်း ဒေသခံများကို မေးမြန်းချက်အရ သိရသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်က နှစ်ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ကလည်း လက်လုပ်သေနတ် ယမ်းမတော်တဆဖြစ်ကာ တစ်ဦးဒဏ်ရာရသည်ဟု ကြားသိရကြောင်း ဒေသခံများက ပြောဆိုကြသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

လယ်သစ်ကျေးရွာအနောက်ကမ်းသို့ ဇွန်လ ၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာပြီး လယ်သစ်အရှေ့ကမ်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ဘုန်းတော်ကြီးကျောင်း နှင့် လူနေအိမ်သုံးလုံး လက်နက်ကြီးကျည် ထိမှန်ခဲ့သည်။

လယ်သစ်ကျေးရွာ အရှေ့ကမ်းအနောက်ကမ်းပေါင်းလျှင် အိမ်ခြေ တစ်ထောင်ကျော်ရှိပြီး ကျေးရွာအား တနင်္သာရီမြစ်လက်တက်ပေါ်ရှိ မြစ်ကမ်းတစ်ဖက်တစ်ချက်ပေါ်တွင် တည်ထားသည်။