ဘုတ်ပြင်းရှိ ရွာများတွင် လျှပ်စစ်တစ်ယူနစ် ကျပ်နှစ်ထောင်အထိပေးရ

0
576

သွားလာရခက်ခဲ့သည့် ဘုတ်ပြင်းမြို့နယ်ရှိ ပင်လယ်ကျေးရွာများတွင် လျှပ်စစ်မီးတစ်ယူနစ်ကို ကျပ်နှစ်ထောင်အထိ ပေးကာသုံးစွဲနေရကြောင်း ဒေသခံများ ထံမှသိရသည်။

ပြီးခဲ့သည့်မတ်လအတွင်း အဆိုပါပင်လယ်ရွာများတွင် လျှပ်စစ်တစ်ယူနစ် ကျပ်တစ်ထောင်ဝန်းကျင်သာ ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် တစ်ယူနစ် ကျပ်နှစ်ထောင်ပေးကာ သုံးစွဲနေရသည်ဟု ဘုတ်ပြင်းမြို့နယ် ဒေသခံများကပြောသည်။

“လျှပ်စစ်မီးက သုံးသုံးမသုံးသုံး တစ်အိမ်ကို တစ်လသုံးသောင်းပေးနေရတယ်”ဟု ဘုတ်ပြင်းမြို့နယ်၊ ကြိမ်မဲတောင်ကျေးရွာနေ အမျိုးသမီး ကပြောသည်။

ကြိမ်မဲတောင်ကျေးရွာတွင် အိမ်ခြေလေးရာဝန်းကျင်ခန့်ရှိပြီး လုပ်ငန်းရှင်တစ်ဦးက လျှပ်စစ်ဓါတ်အား ဖြန့်ဝေနေခြင်းဖြစ်သည်။

ယင်းသို့ဖြန့်ဝေရာတွင် မီတာတစ်လုံးလျှင် အခြေခံယူနစ် ၁၅ ယူနစ်အဖြစ် သတ်မှတ်ထားပြီး တွက်ချက်ကောက်ခံကြောင်း ဒေသခံများကပြောပြသည်။

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ပင်လယ်ကျေးရွာများသည် ခရီးဝေးသဖြင့် စက်သုံးဆီသယ်ယူရာတွင် ကုန်ကျစရိတ်များကြောင်း ယင်းကြောင့် လျှပ်စစ်စျေးနှုန်းမှာလည်း မြို့ပြနှင့်နီးပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့် ရွာများထက် အနည်းငယ်ပိုများကြောင်း လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

ယင်းအပြင် ယခုစက်သုံးဆီများမှာ ယခင်လိုအသန့်မဟုတ်တော့ဘဲ (အင်ဂျင်ဝိုင်အကျ) ရောနှောဆီများကြောင့် ကုန်ကျမှုပိုများနေသည်ဟု ၎င်းကပြောပြသည်။

အလားတူကြိမ်နီတောင်ရွာတွင်လည်း လျှပ်စစ် တစ်ယူနစ်ကို နှစ်ထောင်ကျပ်ဖြင့် ပေးကာ အသုံးပြုနေရသည်ဟု ဒေသခံများကပြောသည်။

“ကြိမ်နီတောင်ရော ကြိမ်မဲတောင်ရွာပါ တစ်ယူနစ် နှစ်ထောင်ပေးသုံးနေရတယ် ဒါတောင် ၂၄ နာရီမီးမဟုတ်ဘူး”ဟု အဆိုပါဒေသခံကပြောသည်။

ယခင်ကည ၁၁ နာရီအထိ မီးပေးခဲ့သော်လည်း ယခုအခါတွင် ည ၉ နာရီခွဲအထိသာ မီးပေးတော့သည်ဟု ကြိမ်မဲတောင်ရွာ ဒေသခံကပြောသည်။

လျှပ်စစ်မီး အကုန်အကျများသည့်အတွက် ဆိုလာစနစ်တပ်ဆင်သုံးစွဲ လာသူများလည်း ရှိလာနေသည်ဟု ဒေသခံများကဆိုသည်။

“မတတ်နိုင်တဲ့ အိမ်တစ်ချို့က မီးမယူကြတော့ တာတွေလည်းရှိလာတယ်”ဟု ဒေသခံ အမျိုးသား ကပြောသည်။

ဘုတ်ပြင်းမြို့နယ်၊ အလယ်မန်ရွာတွင်တော့ ပြီးခဲ့သည့်လက တစ်ယူနစ်ကို ၁၃၅၀ ကျပ်ဖြင့် ကောက်ခံခဲ့ကြောင်း ယင်းကျေးရွာအား လျှပ်စစ်မီးဖြန့်ဖြူးပေးနေသည့် လုပ်ငန်းရှင် ကဆိုသည်။

လက်ရှိဒီဇယ်ပေါက်စျေးမှ တစ်ပေပါ ငါးသိန်းလေးသောင်းကျပ်ဖြင့် စျေးကွက်အတွင်း ပေါက်စျေးရှိနေကြောင်း စက်သုံးဆီ အရောင်းဆိုင် တစ်ချို့ထံမှသိရသည်။