ထိုင်းတွင် တရားမဝင်မြန်မာလုပ်သား တစ်ရာကျော် အဖမ်းခံရ

0
515

ထိုင်းနိုင်ငံ ကမ်းဖဲင်ဖက် (Kamphaeng Phet) ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၁၂၉ ဦးကို ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် ဖမ်းမိကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ရွာသားများ၏ တိုင်ကြားချက်ကြောင့် ဖမ်းမိခြင်းဖြစ်သည်ဟု ဆိုသည်။

ဘန်ကောက်သို့သွားရန် ကြိုပို့ကားကို တောတွင်းတစ်နေရာတွင် စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ် ဖမ်းဆီးရခံသော မြန်မာအလုပ်သမားများ တွင် အမျိုးသား ၉၃ ဦး၊ အမျိုးသမီး ၃၆ ဦးပါဝင်ပြီး ထိုင်းနိုင်ငံသား လမ်းပြတစ်ဦးကိုပါ ဖမ်းမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၎င်းတို့သည် တာခ့်ခရိုင်ကို ဖြတ်ကျော်လာပြီးနောက် ဘန်ကောက်သို့သွားရန် ကားဖြင့်လာခေါ်မည့် ပွဲစားကို စောင့်နေကြခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမားများက ထွက်ဆိုကြသည်ဟု ဆိုသည်။

ထိုခရီးစဉ်အတွက် တစ်ဦးလျှင် ဘတ် ၂၂၀၀၀ ပေးရမည်ဖြစ်သော်လည်း ဘန်ကောက်ရောက်မှ ပေးချေရန် သဘောတူထားသဖြင့် ပေးချေထားရခြင်း မရှိသေးကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများကို ကိုဗစ် ရှိမရှိစစ်ဆေးရာတွင် ပိုးမတွေ့ရသဖြင့် ဖရန်ကရတိုင်းရဲစခန်းသို့ ခေါ်ယူကာ စစ်ဆေးမေးမြန်းခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။

တရားမဝင် ခေါ်ဆောင်လာသော ထိုင်းနိုင်ငံသားလမ်းပြများကို ဥပဒေအရအရေးမည်ဖြစ်ပြီး မြန်မာအလုပ်သမားများကိုမူ ပြစ်ဒဏ်ကျခံပြီးချိန်တွင် ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်တွင်းနိုင်ငံရေးမလုံခြုံမှုနှင့် အလုပ်အကိုင်ရှားပါး ကျပ်တည်းလာမှုတို့ကြောင့် မြန်မာနိုင်ငံသားများသည် အလုပ်လုပ်ကိုင်ရန် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှု မြင့်တက်နေဆဲဖြစ်သည်။

ယင်းသို့ဝင်ရောက်ရာတွင် အသက်အန္တရာယ်ကျရောက်သည်အထိ အခက်အခဲများစွာ ကြုံတွေ့ရသော်လည်း ပြီးခဲ့သော မေလအတွင်းတွင် ဖမ်းဆီးခံရသူ ၁၈၀၀ ကျော်ရှိကြောင်း ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အရေး ဆောင်ရွက်နေသည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုက်တက်ရေးဖောင်ဒေးရှင်း (FED) ၏ စာရင်းများအရ သိရသည်။

Ref: MGR ONLINE ภาคเหนือ