လောင်းလုံးက ဆရာ၊ ဆရာမလေးဦး သတိပေးစာ ပေးပို့ခံရ

0
497
LLPDF

လောင်းလုံးမြို့နယ် Non CDM ဆရာ၊ ဆရာမ လေးဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးစာ ပေးပို့ထားကြောင်း ယင်းအဖွဲ့က ယနေ့ (ဇွန် ၁၄) ထုတ်ပြန်ထားသည်။

CDM လုပ်ထားသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများထံ ကျောင်းသို့လာရန် ယခုနှစ်ရာသီ ကျောင်းစတင် မဖွင့်မီကပင် ခြိမ်းခြောက်ဖိအားပေးမှုများရှိသည်ဟု တိုင်ကြားမှုများရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

CDM လုပ်ထားသည့် ဆရာ၊ ဆရာမများကို ဖိအားပေးခြိမ်းခြောက်မှု များစွာပြုလုပ်နေသဖြင့် ဆရာ၊ ဆရာမ လေးဦးထံ ယင်းသို့သတိပေးစာ ပေးရခြင်း ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က ထုတ်ပြန်သည်။

သို့သော် ယင်းသို့ သတိပေးစာပေးပို့ထားသည့် ဆရာ၊ ဆရာမ လေးဦးမှာ မည်သူမည်ဝါ ဖြစ်သည်ကိုမှု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

Online Federal School တွင် သင်ကြားပေးနေသော ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများကို လိုက်လံစုံစမ်းသတင်းပေးနေသော Non CDM ဆရာ၊ ဆရာမများအနေဖြင့် နှောက်ယှက်ဖျက်ဆီးခြင်းကို ရပ်တန်းက ရပ်ရန်လည်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားသည်။

လောင်းလုံးမြို့နယ် ပန်းတင်အင်းရွာတွင် ဇွန်လ ၁၂ ရက်နေ့က Non CDM ဝန်ထမ်းနှစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးခဲ့သည်။

ထားဝယ်တက္ကသိုလ် မြန်မာစာဌာနက လက်ထောက်ကထိက ဦးဝင်းဗိုလ်နှင့် လောင်းလုံးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ယင်းကျေးရွာတွင် ရပ်ကျေးစာရေးတာဝန်ထမ်းဆောင်နေသူ ဒေါ်မြမြမိုးတို့ အသတ်ခံရခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့တို့က ပူးပေါင်းရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည်။

ဦးဝင်းဗိုလ်နှင့် ဒေါ်မြမြမိုးတို့သည် CDM ဝန်ထမ်းများနှင့် တော်လှန်ရေးကို ကူညီနေသူများကို အတင်းအကျပ် ဖိအားပေးခြိမ်းခြောက်ခြင်း၊ သတင်းပေးခြင်းတို့ကြောင့် ရှင်းလင်းရခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာ အလယ်တန်းကျောင်းအုပ်ကြီး ဦးသက်လွင်ဦးနှင့် ဆရာ၊ ဆရာမများ၊ ရေဖြူ မြို့နယ် ပုလဲကူကျေးရွာ မူလတန်းကျောင်း အုပ်ဆရာမကြီးတို့ထံ 9 mm ကျည်ဆံတစ်တောင့်နှင့် အတူ LLPDF တံဆိပ်ပါ သတိပေးစာများကို ဇွန်လ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ပေးပို့လာကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

သတိပေးခြိမ်းခြောက်စာ ပေးပို့ခဲ့သူများကို စုံစမ်းရှာဖွေလျှက်ရှိသည်ဟုလည်း ထုတ်ပြန်ထားသည်။