သရက်ချောင်း ရငဲရွာတွင် အမျိုးသားတစ်ဦး၏ နေအိမ်နှင့်ဆိုင် မီးရှို့ခံရ

0
860

သရက်ချာင်းမြို့နယ်၊ ရငဲရွာတွင် ဇွန်လ ၁၃ ရက်က ဒေသခံအမျိုးသားတစ်ဦး၏ နေအိမ်နှင့်ဆိုင် မီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၁၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က လက်နက်ကိုင် လူနှစ်ဆယ်ခန့် ရောက်ရှိလာပြီး ဦးဖိုးထော် (ခေါ်) ဦးညီညီမင်းဆိုသူ၏ နေအိမ်နှင့်ဆိုင်ကို မီးရှို့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါအမျိုးသား၏နေအိမ်တွင် အိမ်ဆောက်ပစ္စည်းများ ရောင်းချနေပြီး မီးရှို့ခံရမှုကြောင့် နေအိမ်နှင့် ကပ်လျက် တွဲဖွင့်ထားသော ဆိုင်နှင့် နေအိမ်တစ်ခြမ်း မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများပြောကြားချက်အရသိရသည်။

“ဦးဖိုးထော်ကတော့ ရွာထဲ စစ်တပ်လာရင် ရွာထိပ်သွားသွားကြိုတယ်။ အဲဒီစစ်ကားတွေကိုလည်း ကိုယ်တိုင်မောင်းပြီး လမ်းပြ‌ပေးနေတာတွေ့ရတယ်။ နောက်ပြီးသူ့အိမ်မှာ စားတာသောက်တာတွေ ဧည့်ခံကျွေးမွေးနေတာတွေ ရှိတယ်” အထက်ပါဒေသခံက ပြောဆိုသည်။

အခြားဒေသခံ အမျိုးသားတစ်ဦးကလည်း ဦးဖိုးထော်သည် အာဏာသိမ်းကာလတွင် စစ်ကောင်စီသတင်းပေး ဒလန်ဟု သတင်းများ ထွက်ပေါ်ခဲ့ဖူးပြီး ရငဲကျေးရွာ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့၏ ပရဟိတကားကို သိမ်းယူပြီး ၎င်းကိုယ်တိုင် ဦးစီးကာ ဆက်လက်လုပ်ကိုင်နေသူဖြစ်ကြောင်း ဆိုသည်။

“ပျူစောထီး လုပ်နေတယ်တို့၊ မဘသလုပ်နေတယ်တို့ သတင်းထွက်ဖူးတယ်။ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအသစ် တက်တဲ့အခါမှာ သူက အဲဒါမျိုးတွေလုပ်တယ်” ဟု ၎င်းက ပြောဆိုသည်။

ကာယကံရှင် ဦးဖိုးထော်ကမူ ၎င်းသည် စစ်ကောင်စီသတင်းပေး ဒလန်မဟုတ်ဟု ငြင်းဆိုပြီး ရပ်ရွာတွင် ပရဟိတ လုပ်ကိုင်သူသာဖြစ်ကြောင်း ပြောသည်။

“ကျွန်တော် စစ်ကောင်စီ သတင်းပေး ဒလန်လည်း မဟုတ်ဘူး” ဟု ၎င်းက ငြင်းဆိုသည်။

၎င်းသည် ၂၀၁၅ ခုနှစ်မှစတင်ကာ ရငဲကျေးရွာ ကြက်ခြေနီအသင်းတာဝန်ခံဖြစ်ပြီး လက်ရှိတွင်လည်း အရေးပေါ် လူနာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ နာရေးကူညီမှု ပရဟိတလုပ်ငန်းများတွင် ကူညီလုပ်ကိုင်နေကြောင်း ပြောဆိုသည်။

မီးရှို့ခံရမှုကြောင့် ဆိုင်တွင်းရှိ ပစ္စည်းများ မီးလောင်ပျက်စီးကြောင်း ဦးဖိုးထော်က ဆိုသည်။

မီးရှို့ခံရချိန် တိမ်းရှောင်နေခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

နေအိမ်နှင့် ဆိုင်ကို ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့တစ်ခုက မီးရှို့သည်ဟု ၎င်းက စွပ်စွဲပြောဆိုသော်လည်း အဖွဲ့အမည်ကိုမူ ဖြေကြားနိုင်ခြင်း မရှိပေ။

Dawei Watch အနေဖြင့်လည်း အဆိုပါ မီးရှို့မှုကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် လုပ်ဆောင်ခဲ့သည်ကို အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။

ယင်းအပြင် ယင်းရွာက ဦးမောင်အေး၊ ဦးဝင်းစိုးဆိုသူတို့၏ နေအိမ်များကိုလည်း အထက်ပါ လူအုပ်က ဝင်ရောက် ရှာဖွေခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဦးမောင်အေးနှင့် ဦးဝင်းစိုးတို့မှာလည်း အခင်းဖြစ်ချိန်တွင် တိမ်းရှောင်နေခဲ့ကြကြောင်း ဒေသခံအချို့၏ ပြောဆိုချက် အရ သိရသည်။