ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်စခန်း ထပ်မံတိုက်ခိုက်ခံရ

0
513
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ချောင်းနှစ်ခွတံတား

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်စခန်း ယနေ့နံနက်ပိုင်းက ထပ်မံပစ်ခတ်တိုက်ခိုက်ခံရကြောင်း   ဒေသခံများထံမှ သိရသည်။

ယနေ့ (ဇွန် ၁၄) နံနက် ၈  နာရီဝန်းကျင်အချိန်ခန့်က ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်စခန်းကို အမည်မသိလက်နက်ကိုင် အဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး  နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုလည်း ရှိခဲ့ကြောင်း ၎င်းတို့ကဆိုသည်။

”ပစ်ခတ်မှုဖြစ်ပြီးတော့ တံတားကို ခဏပိတ်လိုက်သေးတယ်၊ ပြီးတော့ ပြန်ဖွင့်ပေးလိုက်တယ် စစ်ဆေးမှုကတော့ တင်းကျပ်ထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ရဲကင်းဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ထိခိုက်မှု ရှိ မရှိဆိုသည်ကို မသိရသေးပေ။

မတ်လ ၁၉ ရက်နေ့ကလည်း ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

ယင်းအပြင် ပြီးခဲ့သည့်  ဧပြီလ ၁၆ ရက်နေ့က ချောင်းနှစ်ခွတံတားထိပ်တွင် ကင်းစောင့်နေသည့် BGF ဂိတ်စခန်းလည်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင်း BGF တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ချောင်းနှစ်ခွတံတားသည် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်ခြမ်းနှင့် မွန်ပြည်နယ် မုဒုံမြို့နယ်ဘက်ခြမ်း လမ်းပိုင်းကို ဆယ်သွယ်ထားပြီး  ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ပြည်သူများ အဓိက အားထား သွားလာနေရသည့် တံတားဖြစ်သည်။