ပုလော ကျောင်းနိမ့်ရွာတိုက်ပွဲ ပြည်သူ့ကာကွယ်ရေးတပ်မှ တစ်ဦးကျဆုံး၊ နှစ်ဦးဒဏ်ရာရ

0
387

မြိတ်ခရိုင်၊ ပုလောမြို့နယ်အရှေ့ခြမ်း ကျောင်းနိမ့်ကျေးရွာတိုက်ပွဲအတွင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးသွားပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း ပုလောပြည်သူ့ကာကွယ်ရေးအင်အားစု (PPDF) က ယနေ့ ထုတ်ပြန်သည်။

ဇွန်လ ၁၃ ရက်နေ့ နံနက် ၆ နာရီခွဲမှစတင်ကာ စစ်ကောင်စီတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး ပုလောပြည်သူ့ကာကွယ်ရေးအင်အားစုက တပ်သား ရဲဘော်ဝမ်ချိုင်း ကျဆုံးကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းအပြင်တိုက်ပွဲအတွင်း ကျောင်းနိမ့်ရွာရှိ နေအိမ် ၇ လုံးနှင့် ဆိုင်ကယ်လေးစီး မီးရှို့ခံခဲ့ရကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီတပ်က မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု PPDF က ထုတ်ပြန်ထားသည်။

ယင်းရွာသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် ဇွန်လ ၁၃ရက် နံနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပုလောမြို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျောင်းနိမ့်၊ ဂျက်ဂါ၊ မှော်မိစသည့်ရွာများမှ ဒေသခံများထွက်ပြေးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယင်းသို့ပစ်ခတ်လိုက်သည့် ကျည်အချို့ တပ်နှင့် မလှမ်းမကမ်းရှိသည့် မကျည်းကုန်းရွာသို့ ကျရောက် ပေါက်ကွဲခဲ့သည့် အပြင် တပ်ရင်းအရှေ့တွင် နေထိုင်သည့် လူနေအိမ်ကြားသို့လည်း တစ်လုံးကျရောက် ပေါက်ကွဲသဖြင့် အိမ်အမိုး အနည်းငယ်ပျက်စီးကြောင်း ပုလောဒေသခံများက ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ရှစ်ဦး ကျဆုံးခဲ့ပြီး လက်နက်ကြီးချို့ယွင်းပေါက်ကွဲသဖြင့် ဆယ်ဦး ထပ်မံ သေဆုံးသွားသည်ဟု ပုလောပြည်သူ့ကာကွယ်ရေးတပ် (PPDF) က ထုတ်ပြန်ထားသည်။

သို့သော် စစ်ကောင်စီတပ်က ထိခိုက်ကျဆုံးမှုနှင့်ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုချက် မရရှိသေးပေ။

ယနေ့ (ဇွန် ၁၄) နံနက်တွင်မူ ပစ်ခတ်သံများ မကြားရတော့ကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့ကလည်း ရှမ်းဒွတ်ရွာအနီး စစ်ကောင်စီတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်တို့ အကြား ၂ နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ဇွန် ၁၁ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်၌လည်း ပုလောမြို့၊ မြို့မရဲစခန်းအနောက်ဖက်တွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ပုလောမြို့ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က ပုလောအရှေ့ခြမ်းကျေးရွာများတွင် PDF များ ခိုအောင်းနေသည်ဟုဆိုကာ ဆန်၊ ဆီနှင့်ရိက္ခာ သယ်ယူခွင့် ကန့်သတ်ထားသည်။