ထိုင်ဝမ်အရေးအတွက် အမေရိကန်နဲ့ တရုတ် စစ်ဖြစ်တော့မလား

0
628
အမေရိကန်လုပ် တင့်ကားဖျက်ဒုံးလက်နက်နှင့်အတူတွေ့ရသော ထိုင်ဝမ်သမ္မတ

ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတက တရုတ်ကို သတိပေးလိုက်ပြီး သီတင်းပတ်တွေ ကြာသွားပြီးတဲ့နောက် တရုတ်အစိုးရဘက် ကလည်း အပြင်းထန်ဆုံး စကားလုံးတွေနဲ့ ပြန် ကန့်ကွက်လိုက်ပါတယ်။

ပြီးတော့ ထိုင်ဝမ် လွတ်လပ်ရေးအတွက် လုပ်ဆောင်လာတာ မှန်သမျှတွေကို ချေမှုန်းပစ်မယ်လို့ ကြုံးဝါးလိုက်ပါတယ်။

တနင်္ဂနွေနေ့မှာ တရုတ်ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေဖုန်ဟီ က အမေရိကန်ဟာ ထိုင်ဝမ်လွတ်လပ်ရေး ကို ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲလိုက်ပြီး ဒီလိုလုပ်ရပ်တွေဟာ ထိုင်ဝမ်ကိစ္စ သူတို့ပေးထားတဲ့ ကတိကဝတ် တွေကို ချိုးဖောက်ပြီး တရုတ်အရေးကို ကြားဝင်စွက်ဖက်နေတာလို့ ပြောကြားပါသေးတယ်။

“ဒီမှာ ရှင်းရှင်းလင်းလင်း ပြောထားချင်တာက၊ ထိုင်ဝမ် ကို တရုတ်ကနေ ခွဲထွက်ဖို့ လုပ်ဆောင်မယ်ဆို တိုက်ခိုက် ဖို့အတွက် နှောင့်နှေးနေမှာ မဟုတ်ပါဘူး။  အဆုံးအထိ တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်။ ဒါက တရုတ်ပြည်ရဲ့ ရွေးချယ်မှုပါ” လို့ စင်္ကာပူမှာ ကျင်းပတဲ့ အာဆီယံ လုံခြုံရေးညီလာခံ ရှန်ဂရီလာဆွေးနွေးပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တရုတ်ပြည်ဟာ ထိုင်ဝမ်လေပိုင်နက်ဆီကို စစ်လေယာဉ်တွေ လွှတ်ခြင်းဖြင့် အန္တရာယ်ကို ပရောပရီလုပ်နေကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် က ပြောကြားခဲ့ဖူးတယ်။

ထိုင်ဝမ် ကျွန်းကို တိုက်ခိုက်လာပါက ထိုင်ဝမ်စစ်တပ်ကို ကာကွယ်ပေးသွားမယ်လို့လည်း သူကဆိုပါတယ်။

အချုပ်အခြာပိုင်မြေလို့ ထိုင်ဝမ်က သတ်မှတ်ထားတဲ့ နေရာကို တရုတ်က ၎င်းတို့ ပိုင်နက်မြေလို့ အရင်ကတည်းက အစဉ်တစိုက် ပြောနေခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အကြီးဆုံး မဟာမိတ်ဖြစ်ပြီးတော့ ထိုင်ဝမ်ကျွန်းရဲ့ ကာကွယ်ခွင့်အတွက် ကူညီပေးရမယ်လို့ အမေရိကန်ပြည်ထောင်စုမှာ ဥပဒေရှိပါတယ်။

ခုလိုမျိုး စကားစစ်ထိုးပွဲတွေဖြစ်လာတာက တရုတ်က ထိုင်ဝမ်လေကြောင်းကာကွယ်ရေး ဇုန်ထဲကို စစ်လေယာဉ်တွေ လွှတ်နေတာနဲ့ ထိုင်ဝမ်ရေပြင်မှာ အမေရိကန် စစ်သင်္ဘောတွေ ရှိနေချိန်မှာ ဖြစ်လာတာပါ။ အမေရိကန်နဲ့ တရုတ်တို့ဟာ စစ်ပွဲတစ်ခုဆီကို သွားနေကြတာလား။

တရုတ်က ထိုင်ဝမ်ကို ကျူးကျော်လိုက်တာနဲ့ စစ်ကြီးဖြစ်ပြီလားဆိုတာ အဓိက စိုးရိမ်ရမှာပါပဲ။ ထိုင်ဝမ်ကျွန်းကို ပြန်ရဖို့ အင်အားသုံးသင့်ရင် သုံးမယ်လို့ ဘေဂျင်း က ပြောခဲ့ပြီးပါပြီ။ လတ်တလောတော့ မဖြစ်နိုင်သေးဘူးလို့ သုံးသပ်သူတွေက ပြောနေကြပါတယ်။ ဝင်ရောက်ကျူးကျော် တိုက်ခိုက်မယ်ဆိုရင် အောင်မြင်နိုင်မယ့် စစ်ရေး စွမ်းဆောင်နိုင်စွမ်း တရုတ်မှာ ရှိသလားဆိုတာက ငြင်းခုန်နေရဆဲပါပဲ။ ထိုင်ဝမ်မှာလည်း လေကြောင်းနဲ့ ပင်လယ် ရေကြောင်း ကာကွယ်ရေးပမာဏ က မနည်းအောင် ရှိပါတယ်။

ခုလို ဝင်တိုက်မယ်ဆိုရင် အကုန်အကျလည်းများမယ်၊ အပျက်အစီးလည်း များမယ်ဆိုတာ ဘေဂျင်းအစိုးရက သဘောပေါက်တယ် ဆိုတာကိုတော့ အများက သဘောတူကြပါတယ်။ တရုတ်အတွက်ပဲ ထိခိုက်မှာမဟုတ်ဘဲ တစ်ကမ္ဘာလုံးကို ထိခိုက်မှာ ဖြစ်ပါသတဲ့။

“ပြောဆိုနေကြတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်မယ် ဆိုရင် ဖြစ်လာနိုင်တဲ့ ကွာဟချက်ကို တရုတ်တွေက သတိထားရမှာပါ။ အထူးသဖြင့် ယူကရိန်းအကျပ်အတည်းလိုပေါ့။ တရုတ်စီးပွါးရေး ဟာ ရုရှားထက်ကို ပိုပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွါးရေးနဲ့ အပြန်အလှန် ချိတ်ဆက်နေပါတယ်” ဟု အရှေ့တောင်အာရှလေ့လာရေး အင်စတီကျုက အကြီးတန်း သုတေသီ ဝီလီယမ်ချွန်း က ပြောကြားပါတယ်။

တရုတ်ဟာ ထိုင်ဝမ် နဲ့ ငြိမ်းချမ်းသော ပြန်လည်ပေါင်းစည်းရေးကိုသာ လိုလားကြောင်း အစဉ်တစိုက် ပြောခဲ့ပြီး ဗိုလ်ချုပ်ကြီးဝေ ပြောခဲ့တဲ့ မှတ်ချက်ထဲမှာ ၎င်းတို့ကို ရန်လိုလာမှသာ ပြန်တိုက်ခိုက်သွားမယ်လို့ ဆိုထားတာ ဖြစ်ပါတယ်။ ဘယ်လိုအချိန်မျိုးမှာ စစ်ထဖြစ်နိုင်သလဲဆိုရင် ထိုင်ဝမ်က တရားဝင် လွတ်လပ်ရေး ကြေညာတာ မျိုး ဖြစ်ပါသတဲ့။ ဒါမျိုးဆိုတာကလည်း ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ် အနေနဲ့ သေသေချာချာကို ရှောင်ရှားမယ့် အရာဖြစ်ပါတယ်။ ထိုင်ဝမ်ဟာ အချုပ်အခြာအာဏာရှိတဲ့ ပြည်ထောင်တစ်ခုဖြစ်ပြီးပြီလို့ သူကပြောထားခဲ့ဖူး ပါတယ်။ ထိုင်ဝမ်ပြည်သူ အများစုကလည်း ဒီအနေအထားကို ထောက်ခံကြပါတယ်။ လက်ရှိအနေအထားကိုပဲ ထိန်းထားတဲ့ လုပ်ရပ်မျိုးပါ။ ပြည်သူအနည်းစုကတော့ လွတ်လပ်ရေး ဆိုတဲ့ ဘက်ကို သွားချင်နေကြပါတယ်။

ဒီလိုပါပဲ အမေရိကန်ကလည်း အာရှဘက်မှာ အကုန်အကျအရမ်းများမယ့် စစ်ရေးပဋိပက္ခကို ပါဝင်ဖို့ တုန့်ဆိုင်းပါတယ်။ စစ်ပွဲကို သူတို့ မလိုလားပါဘူးလို့ အချက်ပြထားပြီးသားပါ။ ရှန်ဂရီလာ ဆွေးနွေးပွဲကို တက်ခဲ့တဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ကလည်း အမေရိကန်ဟာ ထိုင်ဝမ်လွတ်လပ်ရေး ဆိုတာကို မထောက်ခံသလို စစ်အေးအသစ်တစ်ခုကိုလည်း မလိုလား ပါဘူးလို့ မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

“ဒါပေမဲ့ နှစ်ဖက်လုံးကတော့ သူတို့ သေနတ်ပြောင်းကို ထိုင်ဝမ်ဘက်ကို လှည့်ထားကြတာပါပဲ။ နောက်ပြန်ဆုတ် ကြဖို့လည်း လိုလားပုံတော့ မရပါဘူး” လို့ S Rajaratnam နိုင်ငံတကာလေ့လာရေး ဌာနက သုတေသီ ကောလင်းကို က သုံးသပ်ပါတယ်။

“တချိန်တည်းမှာပဲ သူတို့ဟာ လုံးဝပဋိပက္ခကြီး တစ်ခုထဲကို ရောက်သွားမှာလည်း သတိထားနေကြပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် ပြောကြားနေကြတာတွေကို သတိကြီးကြီးနဲ့ ကြည့်နေကြပြီး၊ ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို လည်း ထိန်းဖို့ ကြိုးစားနေပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

ရှန်ဂရီလာမှာ ဗိုလ်ချုပ်ဝေ နဲ့ မစ္စတာအော်စတင်တို့ သီးသန့်အစည်းအဝေး လုပ်ကြတယ်ဆိုတဲ့ အချက်က အပြုသဘောဆောင်တဲ့ လက္ခဏာ ဖြစ်ပြီး နှစ်ဖက်လုံးက ထိုင်ပြီးတော့ ဆွေးနွေးသဘောတူညီမှု ရှာဖွေတာကို လိုလားကြောင်း ပြသချင်ပုံရတယ်လို့ မစ္စတာကို က ဆိုပါတယ်။

ဒီလိုအခြေအနေကနေ နှစ်ဖက်စစ်တပ်ဟာ လုပ်ငန်းပိုင်းဆိုင်ရာ ဆွေးနွေးမှုတွေရရှိပြီး စစ်ပွဲတစ်ခုဆီကို ရောက်သွားနိုင်တဲ့ မြေပြင် တွက်ချက်မှု အမှားတွေရဲ့ ဖြစ်နိုင်ချေကို လျှော့ချနိုင်မှာဖြစ်ပြီး ဒီလို ဆွေးနွေးမှုတွေဟာ ဒိုနယ်ထရမ့် အစိုးရလက်ထက်မှာ ပျောက်ကွယ်ခဲ့တာ ဖြစ်ပါတယ်။

သို့ပေမယ့်လည်း တရုတ်နဲ့ အမေရိကန်ဟာ တစ်ဖက်နဲ့တစ်ဖက် စကားတွေနဲ့ တိုက်ခိုက်နေတာတော့ ကာလအတော်ကြာတဲ့အထိ ရှိနေဦးမယ်တဲ့။ တရုတ်ဟာ ထိုင်ဝမ်စစ်တပ်ကို ပွဲပန်းအောင်နဲ့ သည်းခံနိုင်မှု နည်းလာအောင် စစ်လေယာဉ်တွေ ဝင်ပျံပြတာ သတင်းအချက်အလက်တွေ မပြတာမျိုး စတဲ့ စစ်ရိပ်သန်းတဲ့ ဆောင်ရွက်မှုတွေ ဆက်လက်မြှင့်တင်နေနိုင်တယ်လို့ စင်္ကာပူအမျိုးသားတက္ကသိုလ်က တရုတ်ရေးရာ ကျွမ်းကျင်သူ ဒေါက်တာအီရန်ချွန်း က ပြောကြားပါတယ်။

ထိုင်ဝမ်ကျွန်း ရွေးကောက်ပွဲတွေ မတိုင်ခင်မှာ တရုတ်ဟာ သတင်းအချက်အလက်မှားများ စစ်ဆင်ရေးကို လုပ်ခဲ့တယ်လို့ ထိုင်ဝမ်က စွပ်စွဲထားပြီးတော့ ကျွန်းပိုင်နက်မြေမှာ ယခုနှစ်ကုန်အတွင်း အရေးကြီးတဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေ ပြုလုပ်မှာပါတဲ့။

“အမေရိကန်နဲ့ တရုတ်တို့ဟာ သူတို့ရဲ့ လက်ရှိအနေအထားကို ပြောင်းလဲဖို့ နိုင်ငံရေးစိတ်ဆန္ဒ မရှိပါဘူး။

 အမေရိကန်မှာ နိုဝင်ဘာလ လွှတ်တော်ရွေးကောက်ပွဲရှိပြီးတော့ တရုတ်မှာလည်း သမ္မတရှီကျင့်ဖျင် အာဏာကို ဆက်လက်ဆုပ်ကိုင်မယ့် ကွန်မြူနစ်ပါတီရဲ့ အကြိမ်(၂၀)မြောက် ပါတီကွန်ဂရက် ရှိနေပါတယ်။

အားတက်စရာကတော့ ဘယ်ဘက်ကမှ စစ်ကို မဖြစ်စေချင်ဘူးလို့ ဒေါက်တာချွန်း က ဆိုပါတယ်။ “စစ်ထမဖြစ်ဘူး ဆိုပေမယ့် ကောင်းတဲ့ အနေအထားတစ်ခုဆီကို ရောက်သွားမယ်လို့ ပြောလို့မရပါဘူး။ ဒီလို အနေအထားမှာပဲ အခြေအနေက ဆိုင်းနေမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုပါတယ်။