သရက်ချောင်း စော်ဖျားရွာက စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရ

0
284

သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာဘုရားကုန်းရှိ စစ်ကောင်စီဂိတ်စခန်းကို ယနေ့ (ဇွန် ၁၃) နေ့လယ် ၁၂ ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်-PDF က ဝင်ရောက်တိုက်ခိုက်ကြောင်း ဒေသခံအချို့က ပြောသည်။

ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (T1 Zone) တို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ညတွင် ထုတ်ပြန်ထားသည်။

ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး နာရီဝက်အကြာတွင် စစ်ကူလာသည့် စစ်တပ်ကား ၁ စီးကို PDF တပ်ဖွဲ့ဝင်များက စော်ဖျားရွာလမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ရာ လက်နက်တစ်လက်ရရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့နောက် ညနေ ၃ နာရီခွဲခန့်တွင် မြေသယ်ကားနှစ်စီးဖြင့် စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့များကို ရောင်းမော် ကျေးရွာနှင့် စော်ဖျားရွာလမ်းပိုင်းတွင် ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် တစ်နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က ကိုးဦးခန့်သေဆုံးကာ ၁၉ ဦးခန့် ဒဏ်ရာရှိခဲ့ပြီး PDF ဘက်ကမူ တပ်သား တစ်ဦး ဒဏ်ရာရသော်လည်း မစိုးရိမ်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

စစ်ကောင်စီတပ်သားများ ထိခိုက်ကျဆုံးသည့်ကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန် ထားခြင်း မရှိသေးသလို Dawei Watch အနေဖြင့်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

စော်ဖျားရွာတိုက်ပွဲတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သံများကြားရပြီး မိုင်းဆွဲသံကိုလည်း ကြားရ ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အခုထိ (ည ၇ နာရီခွဲထိ) ပစ်ခတ်သံတွေ ကြားနေရသေးတယ်။ ထိခိုက်ကျဆုံးတော့ ကျွန်တော်တို့လည်း မသိဘူး” ဟု အထက်ပါဒေသခံအမျိုးသားက ပြောဆိုသည်။

ဒေသခံအချို့၏ ပြောဆိုချက်အရ ပျူစောထီးခေါင်းဆောင် ဦးမောင်ရီ၏နေအိမ်လည်း မီးရှို့ခံရကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိသည်ဟု သိရသည်။

စော်ဖျားရွာဘုရားကုန်းတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်များ ဂိတ်ချကာ တပ်စွဲထားသည်မှာ ကာလကြာပြီ ဖြစ်ပြီး ယင်းလမ်းမှာ တောင်ပျောက်တိုက်နယ်ကိုသွားသည့် လမ်းကြောင်းတစ်ခုဖြစ်သည်။

စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို အင်အားချိနဲ့စေရန် တောင်ပျောက်တိုက်နယ်သို့ ရိက္ခာသယ်ယူခွင့် ဝယ်ယူခွင့်တို့ကို ကန့်သတ်ထားသည့် ဂိတ်စခန်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။