ထားဝယ်နှင့် ပုလောသား ကိုးဦးလိုက်ပါသည့် ငါးဖမ်းလှေ အင်ဒိုနီးရှားတွင် အဖမ်းခံရ

0
332

ထားဝယ်နှင့် ပုလောမြို့နယ်က လှေလုပ်သား ကိုးဦးပါဝင်သည့် မလေးရှားငါးဖမ်းစက်လှေတစ်စီး ဇွန်လ ၉ ရက်က အင်ဒိုနီးရှားနိုင်ငံ ရေပိုက်နက်တွင် ဖမ်းဆီးခံလိုက်ရကြောင်း အဖမ်းခံရသူနှင့် ဆွေမျိုးတော်သူအချို့က ပြောသည်။

ယင်းငါးဖမ်းစက်လှေပေါ်တွင် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကျောက်ခမောက်ကျေးရွာသားများဖြစ်ကြသည့် ကိုသက်လွင်၊ ကိုညီညီအောင်၊ ကိုစုစု၊ ကိုဘော်လုံး၊ ကိုညီပုလေး၊ ကိုညီငယ်စိုး၊ ကျွဲမင်းကုန်းရွာသား ကိုသားဖြူ၊ ပဲဒက်ရွာသားတစ်ဦး စုစုပေါင်းရှစ်ဦး ပါဝင်သည်။

ယင်းအပြင် အမည်မသိ ပုလောမြို့နယ်သားတစ်ဦးနှင့် အခြားမြန်မာနိုင်ငံသားတစ်ဦး စုစုပေါင်း မြန်မာနိုင်ငံသား ဆယ်ဦး အဖမ်းခံရကြောင်း အဖမ်းခံရသူနှင့် ဆွေမျိုးတော်သူတစ်ဦးက ပြောသည်။

မလေးရှားနိုင်ငံသားတစ်ဦးပိုင်ဆိုင်သည့် ယင်းငါးဖမ်းစက်လှေသည် အင်ဒိုနီးရှား ရေပိုက်နက်အတွင်း တရားမဝင် ငါးဖမ်းဆီးနေစဉ် ‌အင်ဒိုနီးရှားရေတပ်က ရုတ်တရက်ဝင်ရောက် ဖမ်းဆီးခြင်းဖြစ်ပြီး ပိုက်ချထားချိန်ဖြစ်သောကြောင့် ထွက်ပြေးချိန်မရဘဲ အဖမ်းခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အင်ဒိုနီးရှားရေတပ်က ထုတ်ပြန်ထားသည့် ရုပ်သံမှတ်တမ်းကို ကိုးကားက ၎င်းက ယင်းသို့ပြောဆိုခြင်းဖြစ်သည်။

“(ထားဝယ်သားတွေ) အဖမ်းခံရတာ ဘယ်လိုသိလဲဆိုတော့ (အဖမ်းခံရသူတွေနဲ့) နီးစပ်ရာကနေပြီးတော့ ကျွန်တော်တို့ဆီကို လှေနံပါတ် ဘယ်လောက်ကတော့ အဖမ်းခံထားရတယ်ပေါ့နော်။ ပြီးတော့ အဲဒီလှေမှာ ဘယ်သူတွေ ပါတယ်ဆိုပြီး ဖုန်းဆက်လာလို့သိတာ” ဟု ၎င်းဆွေမျိုးတော်စပ်သူက ရှင်းပြသည်။

အဖမ်းခံထားရသူများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးသဖြင့် မိသားစုဝင်များ စိုးရိမ်နေပြီး စုံစမ်း‌မေးမြန်း လျှက်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

တနင်္သာရီတိုင်းမှ ရေလုပ်သားများသည် ထိုင်း၊ မလေးရှားနိုင်ငံများသို့ တရားမဝင်သွားရောက်ပြီး ၎င်းတို့ကျွမ်းကျင်ရာ ရေလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်လေ့ရှိကြသည်။

ယင်းသို့ဝင်ရောက်လုပ်ကိုင်ရာမှာ တရားမဝင်ငါဖမ်းဆီးမူများတွင်ပါဝင်သဖြင့် ဖမ်းဆီးခံရသည့်သတင်းများ မကြာခဏ ကြားရလေ့ရှိပြီး လူကုန်ကူးခံရသည့် ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ဖူးသည်။

၂၀၁၅ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံတွင် ကျွန်ပြုခိုင်းစေခံနေရသည့် မြန်မာနိုင်ငံသား ရေလုပ်သား တစ်ရာကျော်ကို ပြန်လည်ကယ်တင်နိုင်ခဲ့ရာ ယင်းတို့အထဲတွင် တနင်္သာရီတိုင်းသား နှစ်ဆယ်ကျော်ပါဝင်ခဲ့သည်။

၂၀၁၉ ခုနှစ် တနင်္သာရီတိုင်း လူမူဝန်ထမ်းဦးစီးဌာန၏ စာရင်းအရ အင်ဒိုနီးရှားနိုင်ငံတွင် အဖမ်းခံရပြီး ပြန်လည် လွတ်မြောက်လာသူ တနင်္သာရီတိုင်းသား ရေလုပ်သား တစ်ရာကျော်ရှိသည်။