ပုလောအရှေ့ခြမ်းက ရွာသုံးရွာ လက်နက်ကြီးပစ်ခတ်ခံရ

0
244

ပုလောအရှေ့ခြမ်းက ကျေးရွာသုံးရွာ ယနေ့ (ဇွန် ၁၃) နံနက်ပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံနေကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နံနက် ၇ နာရီဝန်းကျင်မှစတင်ကာ ရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲသဖြင့် ဂျက်ဂါ၊ မှော်မိ၊ ကျောင်းနိမ့် စသော ကျေးရွာများမှ ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ဒေသခံများက ဆိုသည်။

“ပုလောတပ်ကနေ လက်နက်ကြီးနဲ့ ထုနေတာ ဗြောင်းဗြောင်းညံပဲ။ ဂျက်ဂါ၊ ကျောင်းနိမ့်၊ မှော်မိ အကုန်ပြေး နေရတယ်” ဟု ဂျက်ဂါကျေးရွာနေ အမျိုးသားတစ်ဦးက ပြောဆိုသည်။

ယနေ့နံနက်တွင် ကျောင်းနိမ့်ရွာအနီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်နေသည်ဟု ကြားခဲ့ရပြီး ပုလော စစ်ကောင်စီတပ်ဖက်က လက်နက်ကြီးများ ပစ်ခတ်နေသည့်အသံများ ဆက်တိုက်ကြားနေရ ကြောင်း ဒေသခံများက ပြောသည်။

“တိုက်ပွဲက တော်တော်ပြင်းထန်နေတဲ့ အနေအထားရှိတယ်။ ဖုန်းလည်း ဆက်မရတော့ဘူး” ဟု ယနေ့ နံနက် ၈ နာရီခွဲတွင် ပုလောဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့ကလည်း ရှမ်းဒွတ်ရွာအနီး စစ်ကောင်စီတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့အကြား ၂ နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

စစ်ကောင်စီတပ်က ပုလောအရှေ့ခြမ်းကျေးရွာများသို့ PDF များ ခိုအောင်းနေသည်ဟုဆိုကာ ဆန်၊ ဆီနှင့် ရိက္ခာ သယ်ယူခွင့် ကန့်သတ်ထားသည်။