လောင်းလုံးတွင် လက်ထောက်ကထိကတစ်ဦးနှင့် ထွေအုပ် ရပ်ကျေးစာရေးမတစ်ဦး ပစ်သတ်ခံရ

0
461

လောင်းလုံးမြို့နယ် ပန်းတင်အင်းရွာတွင် ဇွန် ၁၂ ရက် ညနေပိုင်းက အသက် လေးဆယ်ကျော်အရွယ်ရှိ လက်ထောက်ကထိက အမျိုးသားတစ်ဦးနှင့် ရပ်ကျေးစာရေး အမျိုးသမီးတစ်ဦးတို့ ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ပစ်ခတ်ခံရသူနှစ်ဦးမှာ ထားဝယ်တက္ကသိုလ် မြန်မာစာဌာနမှ လက်ထောက်ကထိက တစ်ဦးဖြစ်သူ ဦးဝင်းဗိုလ်ဆိုသူနှင့် လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ယင်းကျေးရွာတွင် ရပ်ကျေးစာရေးတာဝန်ထမ်းဆောင်နေသူ ဒေါ်မြမြမိုးဆိုသူတို့ ဖြစ်သည်။

၎င်းတို့ကို အမည်မသိလူတစ်စုက လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းညနေပိုင်းက ဦးဝင်းဗိုလ်မှာ ၎င်း၏နေအိမ် အပေါ်ထပ်တွင် ခြောက်ချက်ခန့် ပစ်ခတ်ခံရပြီး ဒေါ်မြမြမိုးမှာလည်း ၎င်း၏ နေအိမ်အောက်တွင်ပင် ငါးချက်ခန့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။

“ဒေါ်မြမိုးမှာက ပေါင်မှာ တစ်ချက်။ ဆီးခုံတစ်ချက်၊ ရင်ဘက်မှာတစ်ချက် နားထင်မှာ နှစ်ချက် ဒဏ်ရာတွေ့တယ်။ ဦးဝင်း‌ဗိုလ်မှာ‌က ရင်ဘက်နဲ့ ခေါင်းမှာချည်းပဲ” ဟု ၎င်းက ပြောသည်။

၎င်းတို့ကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကိုမူ Dawei Watch အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဒေါ်မြမြမိုး၏ ရုပ်အလောင်းကို ယနေ့ (ဇွန် ၁၃) မွန်းလွဲပိုင်းတွင် ယင်းကျေးရွာ သုသာန်၌ သင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

ဦးဝင်းဗိုလ်၏ ရုပ်အလောင်းကိုမူ ၎င်း၏ဇာတိ သရက်ချောင်းမြို့နယ် ကျွဲဇပ်ကျေးရွာသို့ ယနေ့ နေ့လယ်ပိုင်းက သယ်ယူသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့တွင်လည်း ပန်းတင်အင်းရွာထိပ် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဗုံးဟုယူဆရသော အရာနှစ်ခု တွေ့ရှိရသဖြင့် ယနေ့ နံနက်ပိုင်းတွင် ထားဝယ်သို့ ဈေးဝယ်သွားမည့်ကားများ ပြန်လှည့်ခဲ့ရကြောင်း ဒေသခံများထံ မေးမြန်းချက်အရ သိရသည်။

နေ့လယ်ပိုင်းအထိ ဗုံးဟုယူဆရသည့်အရာနှစ်ခုကို လာရောက်ရှင်းလင်းမှု မရှိသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။