ဆင်ကိုးရပ်ရေတံခွန်တွင် မိန်းကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
716

ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ ဆင်ကိုးရပ်ရေတံခွန်တွင် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

သေဆုံးသူမှာ အခြားဒေသတစ်ခုမှ ကံပေါက်ကျေးရွာအနီးရှိ ကန့်ကော်တောင် ကျေးရွာအုပ်စု ဆယ်အိမ်စုရွာရှိ ရာဘာခြံတစ်ခုတွင် လာရောက်အလုပ်လုပ်ကိုင်နေသူ မပပအောင်ဆိုသူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

မပပအောင်သည် အဖော်များနှင့်အတူ ဇွန်လ ၁၁ ရက်တွင်  ဆင်ကိုးရပ်ရေတံခွန်သို့ သွားရောက်ခဲ့ပြီး‌ ရေစီးနှင့်အတူ မျောပါပျောက်ဆုံးသွားခဲ့ကြောင်း ယင်းနောက် လိုက်လံရှာဖွေရာ မတွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ ဇွန်လ ၁၂ ရက် နေ့လယ် ၁၁ နာရီခန့်မှ ရေနစ်သေဆုံးနေသည့် မပပအောင် အလောင်းကို ရေတံခွန်အပေါ်ပိုင်းတစ်နေရာတွင် တွေ့ရှိခဲ့ရကြောင်း ၎င်းကပြောသည်။

“အခုရာဘာခြံထဲမှာ အလောင်းပြင်ထားတယ်” ဟု ၎င်းကဆိုသည်။

မပပအောင်အလောင်းကို မတ်စောက်နေသည့်ရေတံခွန်အတွင်း ဝါးလုံးများဆင်ကာ ခက်ခက်ခဲခဲ ဆယ်ယူခဲ့ရသည်။

ထားဝယ်ခရိုင်တွင် မိုးရာသီဆိုပါက ဒေသခံအများအပြား ရေတံခွန်သို့ သွားရောက်လည်ပတ်လေ့ ရှိကြသည်။ ယခုနှစ်တွင် မတည်ငြိမ်သည့် နိုင်ငံရေးအခြေအနေကြောင့် ရေတံခွန်သို့ သွားရောက်ပတ်သူ နည်းပါးသည်ကို တွေ့ရသည်။

 ဇွန်လ ၁၁ ရက်ကလည်း ထားဝယ်မြို့ ကမ်းနားလမ်း ကမ်းနားပန်ခြံအနီးရှိ ထားဝယ်မြစ်အတွင်းတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့သည်။