မြိတ်တွင် စက်သုံးဆီဆိုင်ငယ်များ ပြန်မဖွင့်နိုင်သေး

0
229

မြိတ်မြို့တွင် လိုင်စင်မဲ့ စက်သုံးဆီဆိုင်များကို ဖမ်းဆီးမည်ဆိုသဖြင့် ယမန့်နေ့မှစတင်ကာ ပိတ်ထားသည့် တစ်နိုင်တစ်ပိုင်ဆီဆိုင်များမှာ အရေးယူမယူ သေချာမသိရသေးသဖြင့် ပြန်မဖွင့်နိုင်သေးကြောင်း အဆိုပါဆိုင်များကို မေးမြန်းချက်အရ သိရသည်။

ဇွန်လ ၉ရက်နေ့က လိုင်စင်မဲ့ဆီဆိုင်များကို လိုက်ဖမ်းမည်ဆိုသဖြင့် ဆီဆိုင်ငယ်အများစု ပိတ်သွားရာ ဆီအလုအယက် ဝယ်ကြသောကြောင့် တစ်လီတာ ကျပ် နှစ်ထောင်ကျော် ဈေးရှိရာမှ ၃၂၀၀ အထိ ဈေးမြင့်တက်သွားကြောင်း ဆီဆိုင်များနှင့် ဆီဝယ်သူများထံမှ သိရသည်။

“ဆိုင်ငယ်တွေ ပိတ်ကုန်ပြီ။ ဆီဈေးက ဒီထက် တအားထပ်တက်လာမှာစိုးလို့ ကြိုဝယ်ထားဝယ်” ဟု မြို့သစ်ရပ်နေ အသက် ၅၀ နှစ်ရှိ အငှားဆိုင်ကယ်မောင်းနင်သူတစ်ဦးက ယမန့်နေ့က အခြေအနေကို ပြန်ပြောပြသည်။

မြိတ်ဆိပ်ကမ်းရှိ စက်သုံးဆီဘော (သင်္ဘော) တစ်စင်းအား စစ်ကောင်စီဘက်က ဝင်ရောက်စစ်ဆေးပြီး ဆီအရောင်း ဆိုင်များပါ ပိတ်မည်ကိုစိုးရိမ်ပြီး ဆီဝယ်ကြရာမှ ယမန်နေ့က ဈေးမြင့်တက်သွားခြင်းဖြစ်ကြောင်း ကန်ဖျားရပ်ရှိ တစ်ပိုင်တစ်နိုင် စက်သုံးဆီ ရောင်းချသူတစ်ဦး ပြောပြသည်။

“ဆီက ရှိတယ်။ မနေ့က ပြေးဝယ်ကြတော့ တစ်လီတာကို သုံးထောင်‌ကျော်အထိ ဖြစ်သွားတာ” ဟု ၎င်းက ဆိုသည်။

ယနေ့ (ဇွန် ၁၀) တွင်မူ စက်သုံးဆီအရောင်းဆိုင်ကြီးအချို့မှာ ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချနေကြသော်လည်း ဆီဆိုင်များကို အရေးယူမယူ သေချာမသိရသေးသဖြင့် တစ်နိုင်တစ်ပိုင် စက်သုံးဆီအရောင်းဆိုင်တို့မှာ လက်ရှိအချိန်အထိ ပိတ်ထားရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ဆိုင်ငယ်တွေက မနေ့ကလည်း ဂယက်ရိုက်တယ်။ ဒီနေ့လည်း ဖွင့်လို့မရဘူး။ ဆိုင်ငယ်တွေကို လောလောဆယ်တော့ ဝင်မစစ်သေးဘူး။ လမ်းဘေး ဆီဆိုင်ငယ်တွေက လိုင်စင်မရှိဘူး” ဟု အထက်ပါ စက်သုံးဆီရောင်းချသူက ပြောသည်။

ယနေ့ စက်သုံးဆီအရောင်းဆိုင်ကြီးအချို့တွင် ဖွင့်လှစ်ရောင်းချနေပြီး ဆီတစ်လီတာလျှင်လည်း ၂၃၅၀ ကျပ် ဈေးဖြင့် ပြန်လည် ရောင်းချနေပေးနေပြီဖြစ်ကြောင်း ယင်းဆီဆိုင်အချို့ထံမှ သိရသည်။

ယနေ့တွင် အလုအယက်ဝယ်ယူကြခြင်း မတွေ့ရတော့ သော်လည်း ငါးဂါလံဆံ့ဗူးများဖြင့် လာရောက်ဝယ်ယူသူများကို တွေ့ရသေးကြောင်း ဆီဝယ်ယူသူအချို့ထံမှ သိရသည်။