ထိုင်းတွင် မြန်မာလုပ်သားများစီးလာသော ဖယ်ရီကား တိမ်းမှောက်၊ ၁၄ ဦးဒဏ်ရာရ

0
370

ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ Thai Union စက်ရုံတွင် အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမားများ စီးနင်းလာသော ဖယ်ရီကားတစ်စီးသည် ဇွန်လ ၉ ရက်နေ့ ညနေပိုင်းတွင် တိမ်းမှောက်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိရုံးထံမှ သိရသည်။

မဟာချိုင် ဖလန်ဆောင်ယာဉ်လမ်းကြောင်း၌ ဆယ်ဘီးတပ်ကုန်တင်ကားတစ်စီးသည် ရုတ်တရက် ဘရိတ်အုပ် လိုက်ရာ ဖယ်ရီကားက မတိုက်မိစေရန် ရှောင်လိုက်ရာမှ တိမ်းမှောက်ခြင်းဖြစ်ကြောင်း ယင်ရုံးထံမှ သိရသည်။

အလုပ်မှ ပြန်လာသောအချိန်တွင် ယာဉ်တိမ်းမှောက်ခြင်းဖြစ်ပြီး မြန်မာအလုပ်သမား ၁၄ ဦး ထိခိုက် ဒဏ်ရာရရှိ ကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးက ယနေ့ (ဇွန် ၁၀) ထုတ်ပြန်ထားသည်။

ဒဏ်ရာရရှိသူများကို ထိုင်းကယ်ဆယ်ရေး အရေးပေါ်ကားများဖြင့် အလုပ်သမား၏ ပကန်စခွန် (လူမှုဖူလှုံရေး အာမခံ) အတိုင်း အေကချိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒဏ်ရာရှိသူအများစုမှာ အမျိုးသမီးများဖြစ်ပြီး နှာခေါင်းရိုးကျိုး ဒဏ်ရာရှိသူမှလွဲ၍ ကျန်ဒဏ်ရာရရှိသူများမှာ ပွန်း/ယောင် ဒဏ်ရာသာရရှိသဖြင့် ဆေးရုံမှ ဆင်းကာ အလုပ်ပြန်ဆင်းနေပြီဖြစ်ကြောင်း အဆိုပါရုံးထံမှ သိရသည်။

“ထိုင်းမှာ အရေးပေါ်ကယ်ဆယ်ရေးက မြန်တယ်။ ဖြစ်စဉ်ကို ဓာတ်ပုံမှတ်တမ်းတင်ပြီးတာနဲ့ ဆေးရုံချက်ချင်းပို့တယ်။ ပြီးမှ ဘယ်နေရာမှာ ဘာဖြစ်တယ်ဆိုတာ အချက်အလက်ပြန်ယူကြတာ” ဟု ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) မှ တာဝန်ရှိသူ ကိုဇော်က ဆိုသည်။

MWRN သည် မဟာချိုင်အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေးဆောင်ရွက်နေသည့် ကွန်ရက်ဖြစ်သည်။

တိမ်းမှောက်မှုဖြစ်စဉ်တွင် ဖယ်ရီကားသည် ယာဉ်မောင်း၏ ဘယ်ဘက်ခြမ်းတစ်ခုလုံး ပျက်စီးသွားသော်လည်း ၎င်းကားသည် ညာဘက်မောင်းကားဖြစ်သဖြင့် ယာဉ်မောင်းမှာ ဒဏ်ရာရသော်လည်း မပြင်းထန်ဟု ကြားသိရကြောင်း ကိုဇော်က ဆိုသည်။  

Thai Union စက်ရုံသည် မြန်မာရွှေ့ပြောင်းလုပ်သား အများအပြားလုပ်ကိုင်လျက်ရှိပြီး အလုပ်ချိန် နေ့၊ ည အဆိုင်း နှစ်ဆိုင်းဖြင့် လုပ်ကိုင်ရသော စက်ရုံဖြစ်ကာ အလုပ်သမားများအတွက် နေ့စဉ် ကြိုပို့လုပ်ဆောင်ပေးသော စက်ရုံဖြစ်သည်။