နေရပ်စွန့်ခွာကြသူများ

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

တနင်္သာရီတိုင်းရှိ ကျေးရွာများတွင် လူငယ်များမရှိတော့၊ အများစုက စားဝတ်နေရေးအတွက် ထိုင်းနိုင်ငံသားများ မလုပ်ချင်သည့် အလုပ်များလုပ်ကိုင်ခွင့်ရရှိရေး ထိုင်းနိုင်ငံသို့ စွန့်စားသွားရောက်နေကြရသည်။

“လူငယ်တွေ မရှိကို မရှိတော့ဘူး သွားနေကြတာကလေ၊ ရော်ဘာခြံတွေ၊ လယ်တွေပစ်ပြီးသွားတယ်ဆိုပေမယ့် မိဘတွေတော့ ကျန်ရစ်တာပေါ့၊ သားငယ်ပိုင်းတွေ သွားကြတာပေါ့”

ဟုထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အ အနောက်ဘက်ကမ်းရှိကျေးရွာတစ်ရွာမှ အသက် ၆၀ ခန့်ရှိ ဒေါ်စိန်သောင်း (အမည်လွှဲ)က ဆိုသည်။

ဒေါ်စိန်သောင်းတို့ လင်မယားတွင် သားသမီး သုံးဦးရှိပြီး သားလတ်နှင့် သမီးအငယ်မှာ ယခုနှစ်ဆန်းပိုင်းအထိ မိဘများနှင့်အတူနေထိုင်ကြသည်။ သူတို့တွင်လယ် ၇ ဧကနှင့် ရော်ဘာခြံ ၄ ဧကရှိသည်။

အသက် ၂၃ နှစ်ခန့်ရှိ သမီးအငယ်မှာ စစ်အာဏာမသိမ်းခင်က ထားဝယ်တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူဖြစ်ပြီး အာဏာသိမ်းကာလတွင် စက်ချုပ်သင်တန်းတက်နေရာမှ ယခုနှစ် မတ်လခန့်တွင် အလုပ်လုပ်ရန် ထိုင်းနိုင်ငံသို့ ထွက်သွားခဲ့သည်။

သားအလတ်မှာလည်း အိမ်ထောင်ပြုပြီးနောက် တစ်လကျော်အကြာ ဧပြီလ ၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ထပ်မံထွက်သွားခဲ့ပြန်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်တွင်း စီးပွားရေးများကျဆင်းပြီး အလုပ်အကိုင်ရှားပါးလာမှု၊ နယ်မြေမအေးချမ်းမှုကြောင့် ကိုယ်ပိုင်စီးပွားရေး ဆက်လက်လုပ်ကိုင်ရန် ခက်ခဲလာကာ တစ်ပိုင်တစ်နိုင် လုပ်ငန်းများ ရပ်တန့်သွားမှု၊ ဖမ်းဆီးခံရမည့် အရေးကြောင့် ထွက်ပြေးတိမ်းရှောင်ရမှု စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ သွားရောက်ကာ အလုပ်လုပ်ကိုင်မှု များပြားလာခဲ့သည်။

တနင်္သာရီတိုင်းရှိ လူငယ်အများစုမှာလည်း အခြားမြန်မာနိုင်ငံသားများနည်းတူ တောလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ သွားရောက်နေကြသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာလာသည့် ယခု ၂၀၂၂ ခုနှစ်တွင် စားဝတ်နေရေး၊ အသက်ရှင်ရပ်တည်ရေး၊ စီးပွားရေး၊ လုံခြုံရေး စသဖြင့် အခြေအနေအရပ်ရပ်တွင် ပိုမိုခက်ခဲလာမှုကြောင့် တနင်္သာရီတိုင်းမှ အမျိုးသမီးများနှင့် ကျောင်းနေအရွယ်ကလေးများပါ ထိုင်းနိုင်ငံသို့ စွန့်စားသွားရောက်လာကြသည်။

“ဥယျာဉ်ခြံထဲသွားလည်း ကြောက်ကြောက်လန့်လန့်ဖြစ်နေတယ်၊ ဒီနားမှာလည်း ရော်ဘာခြစ်သမားတွေပဲ ရှိတာကိုး၊ သွားလည်း ရဲရဲတင်းတင်း သွားမရဲကြဘူး။ လန့်နေကြတာပေါ့၊ အဲဒီတော့ ဘာမှမထူးဘူးဆိုပြီး သွားနေကြတာပေါ့”

ဟု ဒေါ်စိန်သောင်းက သူမ၏သမီး ထိုင်းနိုင်ငံသို့ သွားရောက်ရခြင်း အကြောင်းကို ရှင်းပြသည်။

လူငယ်များ ထိုင်းနိုင်ငံသွားရောက် လုပ်ကိုင်နေမှုကြောင့် မိသားစုပိုင် ဥယျာဉ်ခြံအလုပ်၊ ရာဘာခြံအလုပ်များမှာ မိအိုဖအိုများနှင့်အတူ ကျန်ရစ်ကြပြီး လုပ်ငန်းများဆုံးရှုံး၊ ပျက်စီးကြသည်များလည်း ရှိနေသည်။

ယင်းသို့ပင် ပညာရေးတစ်ပိုင်းတစ်စ လူငယ်များမှာလည်း ကျောင်းဆက်မတက်တော့ဘဲ ထိုင်းဘက်ကူးကာ အလုပ်လုပ်ကိုင်နေကြသည်။

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသမှ ကိုစိုးသူရထွေးမှာ ကိုဗစ်ဖြစ်သည့်နှစ်က ပဉ္စမတန်းဖြင့် ကျောင်းနားထားရပြီး အာဏာသိမ်းကာလတွင် စစ်ကောင်စီကဖွင့်သည့် ကျောင်းမတက်လိုသဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ထိုင်းနိုင်ငံသို့ထွက်လာခဲ့သည်ဟု ဆိုသည်။

ကိုစိုးသူရထွေးမှာ ငယ်စဉ်ကတည်းက ကျောင်းတက်နောက်ကျခဲ့ပြီး ယခုလည်းကိုဗစ်နှင့် အာဏာသိမ်းမှုကြောင့် ကျောက်းဆက်မတက်၍ ပညာရေးမှာ ပဉ္စမတန်းဖြင့်သာ ရပ်တန့်နေသူဖြစ်သည်။

“ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်နဲ့ လာခဲ့တာ၊ လူငယ်တွေ အနာဂတ်တွေ ပျောက်သလိုဖြစ်နေတာဆိုတော့ ကိုယ့်ဘာသာထွက်လာတာ၊ ရွာမှာလည်း လူငယ်တွေမရှိတော့ဘူး၊ ကိုယ်နဲ့ရွယ်တူတန်းတူတွေလည်း ထိုင်းရောက်ကုန်ပြီ”

ဟု ကိုစိုးသူရထွေးက ဆိုသည်။

တနင်္သာရီတိုင်းမှ ထိုင်းသို့သွားရောက်လိုသူများမှာ ပွဲစားများဖြင့်ချိတ်ဆက်ပြီး တောလမ်းများမှတစ်ဆင့် ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်ကြခြင်းဖြစ်သည်။

တနင်္သာရီတိုင်းမှ ထိုင်းနိုင်ငံကိုသွားသည့် လမ်းကြောင်းမှာ ထားဝယ်တွင် ထီးခီးလမ်း၊ မြိတ်တွင် မောတောင်လမ်း၊ ကော့သောင်း- ရနောင်းလမ်းတို့ဖြစ်သည်။

စစ်အာဏာမသိမ်းခင်က လမ်းကြောင်းတစ်ခုတွင် တစ်ရက် လူဆယ်ဂဏန်းခန့်သာ သွားလာသူရှိသော်လည်း ယခု အာဏာသိမ်းကာလတွင် တစ်ရက် လူရာချီသွားလာနေသည်ဟု ထိုင်းနိုင်ငံကိုပို့ဆောင်ပေးနေသည့် သရက်ချောင်းမြို့နယ်မှ လူပွဲစားတစ်ဦးက ပြောသည်။

ထိုလမ်းကြောင်းသုံးခုကို တရားဝင်ပိတ်ထားသော်လည်း လူပွဲစားများ၏အကူအညီဖြင့် နေ့စဉ် လူရာချီထိုင်းနိုင်ငံတွင်းကို ခိုးဝင်နေကြခြင်းဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

(ဒေသအခေါ် ရှမ်းလမ်း) ရေနက်ဆိပ်ကမ်းလမ်းတွင် တစ်ရက်လျှင် ပျှမ်းမျှ Vigo ကား (ကားနောက်ပိုင်းမှာ ခေါင်မိုးပွင့်ဖြစ်ပြီး တစ်စီးလျှင် လူ ၁၀ ယောက်ကျော်တင်နိုင်) ၄ စီးမှ ၁၀ စီးကျော် ဖြတ်သန်းသွားလာမှုရှိသည်ဟု စုံစမ်းသိရှိရသည်။

ယင်းလမ်းကြောင်းများမှာ တောလမ်းကိုဖြတ်ကာ ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်ရခြင်းဖြစ်ပြီး လမ်းခရီးတွင် အသက်အန္တရာယ် ကျရောက်ခြင်း၊ ထိုင်းရဲများ၏ဖမ်းဆီးမှုခံရခြင်းများလည်းရှိသည်။

ယခု ၂၀၂၂ ခုနှစ် နှစ်ဆန်း ဇန်နဝါရီလမှ မေလအထိ ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်မှုကြောင့် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခံရသူ ၈၀၀၀ နီးပါးခန့်ရှိပြီး လမ်းခရီးတွင် မတော်တဆမှုကြောင့် သေဆုံးသူ ၄ ယောက်ခန့် ရှိကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)၏ စာရင်းများအရ သိရှိရသည်။

ယင်းစာရင်းမှာ တရားဝင် ကောက်ယူရရှိထားသော စာရင်းသာဖြစ်ပြီး မြေပြင်အခြေအနေတွင် ပိုမိုများပြားနိုင်သည်။

ယခုနှစ်ဆန်းပိုင်းအတွင်း ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသားမှာ ၄၀၀၀၀ နီးပါး ခန့်ရှိနိုင်ကြောင်း FED ထံမှသိရသည်။

ယင်းသို့တရားမဝင် သွားရောက်နိုင်ရန်အတွက် ပွဲစားများကိုချိတ်ဆက်ရပြီး ပွဲစားများက ထိုင်းနိုင်ငံအပြင် ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံအထိပါ ပို့ဆောင်ပေးနေသည်။

ပွဲစားများကို ဘတ် ၂၂၀၀၀ မှ ၄၀၀၀၀ အထိ (ကျပ် ၁၃ သိန်းမှ ၂၄ သိန်းခန့်အထိ) ပေးကြရသည်။

ကိုစိုးသူရထွေးတို့ ထိုင်းကိုတက်သည့်အဖွဲ့တွင် လူ ၇၀ ကျော်ရှိသည်။

အိမ်ကထွက်လာစဉ်က ကားဖြင့်ထွက်လာရသော်လည်း နောက်ပိုင်းတွင် တစ်တောင်ပြီး တစ်တောင်ကျော်ကာ ခြေလျင်တက်ကာသွားကြရသည်ဟု ဆိုသည်။

“ကျွန်တော်တို့ကို တောင်ပေါ်မှာ ၆ ရက်လောက် လမ်းပြတွေက ပစ်ထားခဲ့တယ်၊ နောက်ပြီးမှ ပြန်လာခေါ်တယ်၊ အခက်အခဲတွေများကြီးတွေ့ခဲ့တယ်၊ ရေလည်း ငတ်ရတယ်၊ ထမင်းလည်း ငတ်ရတယ်၊ တောင်အမြင့်ကြီးတွေ မတက်နိုင်လို့ လမ်းမှာ ငိုလည်းငိုခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံ ကန်ချနဘူရီနယ်စပ် ကြံတောထဲသို့ ရောက်ချိန်တွင် လူပွဲစားများ၏ လမ်းပြများက ဖုန်းများအားလုံးကို သိမ်းဆည်းပြီး တိတ်တိတ်နေခိုင်းခဲ့ကြောင်း၊ သို့သော်ယင်းနေ့ မနက် ၁၀ နာရီကျော်တွင် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးမှုကိုခံခဲ့ရကြောင်း ကိုစိုးသူရထွေးက သူကြုံတွေ့ခဲ့ရသည်ကို ပြန်လည်ပြောပြသည်။

ဖမ်းဆီးခံရသူများအားလုံးကို ထိုင်းဘုန်းကြီးကျောင်းတစ်ခုတွင် ၇ ရက်ခန့် ကွာရန်တင်းထားပြီး အချုပ်ထဲတွင် ၂ ညထားခဲ့သည်ဟု ဆိုသည်။ ယင်းနောက် တစ်ဦးလျှင် ဘတ်ငွေ ၁၇၀၀ ဖြင့်ပြန်ရွေးခိုင်းပြီး ဘုရားသုံးဆူကို ပြန်ပို့ခဲ့သည်ဟု ၎င်းက ပြောသည်။

ဘုရားသုံးဆူတွင် လူပွဲစားများနှင့် ပြန်လည်ချိတ်ဆက်မိပြီး ဘုရားသုံးဆူလမ်းမှပင် နောက်တစ်ကြိမ် ထိုင်းနိုင်ငံကို ခိုးဝင်ခဲ့ရာ အောင်မြင်စွာရောက်ရှိခဲ့သည်ဟု ပြောသည်။ ယခုအခါ ဖတ်ထရာကမ်းခြေရှိ မုန့်တီစက်ရုံတွင် တစ်ရက် ဘတ် ၃၀၀ ဖြင့် အလုပ်ဝင်နေသည်ဟု ကိုစိုးသူရထွေးကဆိုသည်။

ထိုင်းနိုင်ငံတွင် ကြုံရာအလုပ်တစ်ခု လုပ်မည်ဆိုကာ သွားရောက်သူများထဲတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ထားသည့် တက္ကသိုလ်ကျောင်းသားများ၊ ပညာရေးတက္ကသိုလ်ဆင်းများ၊ ကျောင်းဆရာ/ဆရာမများ၊ ဆေးကျောင်းသားများ စသဖြင့် ပညာတတ်လူငယ်များလည်း အများအပြားပါရှိသည်။

ထိုင်းနိုင်ငံသို့သွားရောက်သူ အများစုမှာ မိမိတွင်ရှိသည့် ပညာအရည်အချင်းနှင့် ထိုက်တန်သည့် အလုပ်များလုပ်ခွင့် ရရေးဆိုသည်မှာ အိပ်မက်ထဲတွင်ပင် ထည့်မမက်ရဲ။ ထိုင်းနိုင်ငံသားများ မလုပ်ချင်သည့် အလုပ်တစ်နေရာ ရခွင့်ပင် အလုအယက်ကြိုးစားရမည်ဖြစ်သည်။

အလုပ်သမားကတ်ကဲ့သို့ အထောက်အထားတစ်ခု မရခင်တွင် ခိုးဝှက်သွားလာကြရပြီး ဖမ်းဆီးခံရပါက ဘတ် ၁၅၀၀၀ ခန့်ပေး၍ အချုပ်ခန်းမှ ပြန်ထွက်ကြရသည်။

တိုင်းပြည်တည်ငြိမ် အေးချမ်းစဉ်က မိမိပညာ၊ဝါသနာဖြင့် ကိုက်သည့် အလုပ်များကို ဂုဏ်သိက္ခာရှိစွာ လုပ်ခွင့်ရသူများ၊ ကိုယ်ပိုင်လုပ်ငန်းဖြင့် အနာဂတ်မျှော်လင့်ချက်များ ပိုင်ဆိုင်ကာ အားကြိုးမာန်တက် ကြိုးစားခဲ့သူများမှာ ယခုအခါတွင်တော့ မိသားစုစား၊ဝတ်၊နေရေးအတွက် ပုံမှန်ဝင်ငွေတစ်ခု ရရှိရေးမှာ အဓိကဖြစ်လာသည်။

ယင်းကြောင့်ပင် အန္တရာယ်များသည့် တရားမဝင်လမ်းကြောင်းများမှနေ၍ ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်ကာ အလုပ်တစ်ခုရရေး စွန့်စားသွားရောက်ကြရခြင်းဖြစ်သည်။

လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ အသက် ၃၀ ခန့်ရှိ စားသောက်ဆိုင်ပိုင်ရှင် ကိုသိန်းထက်ပိုင်ကလည်း ၎င်းတို့ရွာရှိ လူငယ် သုံးပုံနှစ်ပုံခန့်မှာ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရန် ထွက်ခွာသွားကြပြီဟုဆိုသည်။

“ဥယျာဉ်ခြံ(လုပ်ကိုင်သူ)ရော၊ အရင်တုန်းက ပန်းရံလုပ်နေတဲ့သူတွေရော ကျောင်းတက်နေတဲ့လူတွေရော၊ လယ်လုပ်တဲ့လူတွေရော၊ ကျွန်တော်တို့ရွာတွေဘက်မှာ တော်တော်ပဲ လူငယ်ပိုင်းတွေ သုံးပုံမှာ နှစ်ပုံကို မရှိတော့ဘူး”

ဟု ကိုပိုင်က ဆိုသည်။

၎င်းကိုယ်တိုင်မှာလည်း မောင်းမကန်ကမ်းခြေတွင် စားသောက်ဆိုင်ဖွင့်ထားသော်လည်း ထိုင်းနိုင်ငံကိုသွားရန် စဉ်းစားနေသူဖြစ်သည်။

အာဏာမသိမ်းခင်က တစ်ရက်လျှင် ဆိုင်ရောင်းအား တစ်သိန်းကျော်မှ ၇ သိန်းခန့်အထိ ရောင်းအားရှိသော်လည်း ယခု အာဏာသိမ်းကာလတွင် ဈေးဦးမပေါက်သည့်နေ့များ ဆက်တိုက်ရှိနေသည်ဟု ၎င်းက ဆိုသည်။

ရောင်းအားကောင်းသည်ဟု ဆိုသည့်နေ့များတွင် ၇၀၀၀၀ ကျပ်ဖိုးခန့်ရတတ်ပြီး ထိုမျှသော ရောင်းအားမှာ အလုပ်သမားခ၊ ရေခ၊ မီးခ၊ လုပ်အားခ၊ ဆိုင်ပြင်ခများဖြင့်တွက်ပါက တွက်ခြေမကိုက်ဖြစ်နေသည်။

“အဓိကတော့ အခုရပ်တည်ဖို့ စီးပွားရေးပေါ့လေ၊ စီးပွားရေးအခြေနေက အဆင်မပြေဘူးဆိုရင် (ထိုင်း) ရှမ်းပြည်ကို မသွားဘဲမရဘူးလေ၊ ဒီမှာဆက်နေရင် ကိုယ့်ရဲ့ရှေ့ရေး ဘာနဲ့ ရပ်တည်မလဲ။ လောလောဆယ်သွားဖို့က အခြေအနေကြည့်နေတာပေါ့၊ အစီစဉ်ကတော့ ရှိ ရိုးအမှန်ပဲ” ဟု ကိုပိုင်က ဆိုသည်။

၎င်းပတ်ဝန်းကျင်တွင် စားသောက်ဆိုင်၊ အဝတ်အထည်ဆိုင်၊ ကုန်စုံဆိုင်၊ မုန့်လက်သုပ်ရောင်းသူအချို့မှာ ဆိုင်ရောင်းအားသိသိသာသာ ကျဆင်းသွားသဖြင့် လုပ်ငန်းမလည်ပတ်နိုင်ဖြစ်လာပြီး မိသားစုစားဝတ်နေရေးပင် ကျပ်တည်းလာသဖြင့် ဆိုင်ကိုပိတ်ကာ မိသားစုအလိုက် ထိုင်းကိုပြောင်းရွှေ့သွားသူများလည်းရှိသည်ဟု ဆိုသည်။

၂၀၁၀ နောက်ပိုင်း ပြည်တွင်းနိုင်ငံရေး အခြေအနေကောင်းမွန်လာသဖြင့် ထိုင်းတွင်သွားရောက် လုပ်ကိုင်နေသည့် တနင်္သာရီတိုင်းသားများမှာ မိမိမွေးရပ်သို့ အသီးသီးပြန်လာကြပြီး ပါလာသည့် အရင်းအနှီး၊ အတတ်ပညာတို့ဖြင့် ကိုယ်ပိုင်လုပ်ငန်းလေးများ လုပ်ကိုင်နေကြခြင်းဖြစ်သည်။

ယခုအာဏာသိမ်းပြီးချိန်တွင်တော့ ရှိတာရောင်းချပြီး ထိုင်းသို့တစ်ကျော့ပြန်ထွက်ခွာကာ စား၊ဝတ်၊ နေရေးအတွက် အလုပ်ရှာဖွေနေကြရခြင်းဖြစ်သည်။

ဆယ်ကျော်သက်အရွယ် ကျောင်းသားလူငယ်များမှသည် အသက် ၅၀ ခန့်အထိ လုပ်နိုင်ကိုင်နိုင်သူ အားလုံး လိုလို ပြည်ပတွင် အလုပ်လုပ်ကိုင်ရန် သွားရောက်နေကြခြင်းလည်း ဖြစ်ကြောင်း တနင်္သာရီတိုင်းရှိ ကျေးရွာများမှ စုံစမ်းသိရှိရသည်။

တိုင်းပြည်၏ လူသားအရင်းအမြစ်များ တိုင်းတပါးကိုထွက်သွားရခြင်းက တိုင်းပြည်အတွက်ရော တိုင်းပြည်၏ အနာဂတ်အတွက်ပါ စိုးရိမ်စရာကောင်းပြီး အင်မတန်ဝမ်းနည်းဖွယ်ရာဖြစ်သည်ဟု မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီ အတွင်းရေးမှူးဟောင်းက ပြောသည်။

ကိုဗစ်ကပ်ဘေးအလွန်တွင် ထပ်ဆင့်ကြုံတွေ့လာရသည့် နိုင်ငံရေး မတည်ငြိမ်မှုက မြန်မာနိုင်ငံသားများအတွက် ထိုးနှက်ချက်ပြင်းထန်လှပြီး လမ်းလျှောက်ရင်း လမ်းပျောက်သွားကြရခြင်းပင်ဖြစ်သည်။

မရေရာသည့် အနာဂတ်ကြောင့် ပညာရေး ဆုံးခန်းတိုင်သွားသူများလည်း ရှိလာပြီဖြစ်သည်။

ထိုင်းတွင် အလုပ်လုပ်ကိုင်နေသည့် အလယ်တန်းကျောင်းသား ကိုစိုးသူရထွေးက “ကျောင်းမတက်မယ့်တူတူ ပိုက်ဆံပဲ ရှာတော့မယ်ဆိုပြီး ထွက်လာတာ” ဟု ဆိုလိုက်သည်။