ရွာမှာလူငယ်တွေ မရှိတော့ဘူး

0
42

ကိုဗစ်ကြောင့် ယိုင်နဲ့နေသည့် မြန်မာ့စီးပွားရေးမှာ အာဏာသိမ်းမှုအပြီးတွင်တော့ ပြိုကျသွားခဲ့ရသည်။

စီးပွားရေး ပြိုကျမှုနှင့်အတူ အလုပ်အကိုင်ရှားပါးမှုများ၊ အသေးစား၊ အလတ်စား လုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာမှုများကြောင့် တနင်္သာရီတိုင်းသားများမှာ ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်မှု များပြားလာခဲ့သည်။

ယခု ၂၀၂၂ ခုနှစ်တွင်တော့ တနင်္သာရီတိုင်းမှ လူငယ်၊ လူရွယ်များ ကျန်းမာသန်စွမ်းသူများ အားလုံးလိုလို မွေးရပ်ကို စွန့်ခွာကာ အလုပ်အကိုင်ရရှိရေးအတွက် ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်း များမှတစ်ဆင့် သွားရောက်မှု အလွန်များပြားလာခဲ့သည်။

အချို့ကျေးရွာများတွင် ရွာလုံးကျွတ်သည်အထိ အလုပ်ရှာဖွေရန် ပြည်ပထွက်ခွာ နေကြသည်။

ယင်းအခြေအနေများကို ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။

“အသက် ၁၅ နှစ် ၁၆ နှစ်တွေဆိုလည်း တစ်ယောက်မှ မရှိတော့ဘူး”

သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦး

DW ။ အမတို့ရွာမှာ ရော်ဘာခြစ်သွားတဲ့သူတွေ ဘယ်လောက်ရှိလဲ။

ဖြေ ။ သုံးပုံမှာ တစ်ပုံမရှိဘူး၊ ရော်ဘာခြစ်စားသမားက၊ ရွာမှာ ကျွန်မတို့အပိုင်းကပဲ လူနည်းနည်းရှိတယ်၊ ရွာလယ်ပိုင်းကတော့ နည်းနည်းပြန်ရှိနေပြီ၊ တောင်ပိုင်းကဆို တစ်ယောက်မှ မရှိဘူး။

DW ။ လူတွေဘယ်ရောက်သွားလဲ။

ဖြေ ။ မိသားစုနည်းတဲ့လူတွေက နိုင်ငံခြားမှာ လူအခံရှိတယ်လေ၊ အိမ်ထားခဲ့ပြီး နိုင်ငံခြားကို တိုက်ရိုက်ဆင်းလိုက်သွားတယ်။ အဲဒီလိုမျိုးတွေချည်းပဲ၊ ကျွန်မတောင် မသိလို့ နိုင်ငံခြားကနေ ပြန်လာတယ်၊ သိရင် လုံးဝကို ပြန်မလာဘူး။

DW ။ အခု ညီမတို့ရွာမှာ ထိုင်းတို့ ၊ မလေးတို့ကို သွားတဲ့လူတွေ ဘယ်လောက်များလဲ။

ဖြေ။ မရှိတော့ဘူး၊ ကျွန်မပြောပြီးပြီမဟုတ်လား၊ ရွာမှာ သုံးပုံမှာ တစ်ပုံတောင် မရှိတော့ဘူး။ နိုင်ငံခြားမှာချည်းပဲဆို၊ အရွယ်ရှင် (ငယ်ရွယ်သူ) တွေဆို နိုင်ငံခြားမှာချည်းပဲ၊ အသက် ၁၇ နှစ် ၁၈ နှစ်ကစပြီး ရွာမှာမရှိတော့ဘူး။ ကျွန်မညီမလည်း သွားလိုက်ပြီကို၊

DW ။ ဘယ်တုန်းကသွားလိုက်လဲ။

ဖြေ။ အခုဆို ၁၀ ရက်လောက်ဖြစ်တော့မယ်၊ ကျွန်မညီမက တက္ကသိုလ်နောက်ဆုံးနှစ် သူ့မှာ ကျောင်းလေးလ ကျန်သေးတယ်။ နောက်ဆုံးနှစ်ကို သူကျောင်းနားပြီးတော့ သွားလိုက်တာပဲ။

ကျွန်မလည်း သူ့ကို ပြောတယ်။ အခု အိမ်နားမှာ နင့်နဲ့ရွယ်တူတွေ တစ်ယောက်မှမရှိတော့ဘူး၊ နင့်သူငယ်ချင်းတွေလည်း တစ်ယောက်မှ မရှိတော့ဘူး။ နင်ဘာလို့နေဦးမလဲ။ ဟိုမှာလည်း သူ့အမတွေ အခံရှိတယ်လေ။ ရွာမှာနေလည်း ဘာမှ မထူးဘူး။ သွားလိုက်တော့လို့ အပျိုလည်းဖြစ်တယ်ဆိုတော့၊ အသက် ၁၅ နှစ် ၁၆ နှစ်တွေဆိုလည်း တစ်ယောက်မှ မရှိတော့ဘူး။

DW ။ ဒီလို သွားရတဲ့ အဓိကအကြောင်းရင်းက ဘာဖြစ်မလဲ။

ဖြေ။ ကျွန်မတို့ရွာကလည်း နည်းနည်းဆူ (အေးချမ်းမှုမရှိ) တာကိုး၊ မိဘတွေလည်း ကြောက်ကြတာပေါ့လေ။ ရှောင်သင့်ရင်လည်း ရှောင်သွား၊ လေးငါးနှစ်တော့ ရှောင်သွားပြီးမှ ပြန်လာကြပေါ့ဆိုပြီး၊ နည်းနည်းအေးလာတဲ့အခါကျမှ ပြန်လာခဲ့ဆိုပြီး၊ ဟိုတလောတုန်းကဆို မနည်းဆူတာကိုး၊ ဟိုတလောတုန်းကဆို ကျွန်မတို့ရွာကတွေ နိုင်ငံခြားသွားကြတာ မနည်းဘူး၊ ဘယ်လောက်ရှိလဲဆို ခန့်မှန်းကို မတတ်ဘူး။

DW ။ အခုက အရွယ်ရှင်ဆို မိတွေဖတွေပါ သွားကြတာလား။

ဖြေ ။ အသက် ၃၀ ၊ ၄၀ နှစ်ဆို ပြောရမယ်ဆို မိဘတွေပါ ပါသွားတာပေါ့၊ သားသမီးနှစ်ယောက်နဲ့ အမေက ၃၀ နှစ် ၄၀ နှစ်ဆိုလည်း မိသားစုတစ်စုလုံး သွားလိုက်တာပေါ့၊

“လိုက်ရင်ပြေးနေရတာကိုး မိဘတွေလည်း သားငယ်တွေကို စိတ်မချကြဘူးပေါ့လေ”

ရေဖြူမြို့နယ်အနောက်ဘက်ကမ်းရှိကျေးရွာတစ်ရွာမှ အသက် ၆၀ နှစ်အရွယ် အမျိုးသမီး

DW ။ ဒေါ်ဒေါ်တို့ရွာမှာ ထိုင်းသွားတဲ့လူတွေ အများကြီးပဲလို့ သိရတယ်။

ဖြေ။ သွားများတယ်၊ လူငယ်တွေ မရှိကို မရှိတော့ဘူး။ သွားနေကြတာကလေ။ ရော်ဘာခြံတွေ၊ လယ်တွေ ပစ်ပြီးသွားတယ်ဆိုပေမယ့် မိဘတော့ရှိတာပေါ့။ သားငယ်ပိုင်းတွေ သွားကြတာပေါ့။ မိဘတော့ ရှိတာပေါ့နော်၊

DW ။ အဒေါ်အိမ်က သားက ဘယ်တုန်းက သွားလိုက်တာလဲ။

ဖြေ။ အစတုန်းကတော့ သူမသွားဘူးပဲ။ နောက်ဆိုတော့ နည်းနည်းသား အဆင်မပြေဘဲ ဖြစ်တတ်လာတယ်။ အဆင်မပြေဘဲဆိုတာ ဒီလိုမျိုး တာရှည်မနေချင်ဘဲ ဖြစ်တတ်လာတာပေါ့နော်။ သူက ဘယ်လိုပြောလဲဆို ကိုယ်ရေးကိုယ်တာတွက်လည်း နောက်မလုံလဲ ဖြစ်တတ်လာတာပေါ့နော်၊ အဲဒီတော့ သွားမှ ရမယ်ဆိုပြီး ဘတ်ခနဲသွားလိုက်တယ်။ သူလဲ ဘယ်သူ့ကိုမှလည်း မပြောပြဘူး။

DW ။ သူက ဒီမှာနေတာ စီးပွားရေးအဆင်မပြေလို့လား။ နိုင်ငံရေးကြောင့်လား။ ထိုင်းကိုသွားရတဲ့ အဓိကကြောင်းရင်းက ဘာဖြစ်မလဲ။

ဖြေ။ ဘယ်လိုကြောင့်ဆို သူက အိမ်ထောင်ပြုပြီးပြီလေ၊ အိမ်ထောင်ပြုပြီး တစ်လလောက်ကြာမှာ သွားလိုက်တယ်၊ အစတုန်းကတော့ အိမ်ထောင်မပြုသေးဘူး၊ အိမ်ထောင်ပြုပြီးပြီဆိုတော့ အကုန်လုံးပေါ့နော်၊ စီးပွားရေးရော နိုင်ငံရေးရောပေါ့အေ၊ သူသွားတာ တစ်လကျော်ကျော်ပဲ ရှိသေးတယ်။ ဧပြီ ၂၂ ရက်နေ့ကမှ သွားလိုက်တာ၊ သူ့မိန်းမပါရော၊ အစတုန်းက သူလည်း သွားမယ်ဆိုပြီး ရည်မှန်းချက်မရှိဘူး၊ လူတွေကလည်း တဖွဲဖွဲသွားနေကြတယ်ဆိုတော့ သတင်းကလည်း အမျိုးမျိုးထွက်နေတယ်ဆိုတော့ သူလည်း သွားလိုက်တာပေါ့၊

DW ။ ဒေါ်ဒေါ်တို့ရွာမှာ အခုလို သွားနေကြတာဟာ နိုင်ငံရေးအခြေနေကြောင့်လား၊ စီးပွားရေးအဆင်မပြေလို့လား။

ဖြေ။ အေး …စီးပွားရေးလဲ အဆင်မပြေဆို ခု လုပ်ငန်းဆောင်တာတွေလည်း မရှိဘူးလေ၊ ကလေးတွေက အလုပ်လက်မဲ့ဖြစ်နေကြတယ်လေ။ ကျောင်းနေအရွယ်တွေလည်း သွားတာကိုး၊ အဲဒီတော့ ကျောင်းလည်း မနေရဘူး၊ အိမ်မှာနေချင်းတူရင် ဘာမှ မထူးဘူးဆိုပြီး သွားကြတာလည်း ရှိတယ်။ နိုင်ငံရေးလုပ်သမားတော့ မဟုတ်ဘူးပေါ့အေ၊ သူတို့က စီးပွားရေး မပြေလည်လို့ အလုပ်လက်မဲ့ဖြစ်နေလို့ သွားကြတာမျိုး၊

DW ။ ဘယ်လတွေမှာ သွားများလဲ။

ဖြေ။ ဘယ်လတွေမှာဆို လု ၃ လပိုင်း ၄ လပိုင်း ၅ လပိုင်း အဲဒီလတွေမှာ သွားများတယ်။ မနှစ်က သွားနည်းတယ်။ မနှစ်က ဒီလောက်မရှိဘူး။ ခုမှ သွားကြတယ်၊ မနှစ်ကတော့ အခုလောက်ထိ အခက်အခဲ မရှိသေးဘူးပေါ့နော်။ အခုက အလုပ်လည်းမရှိဘူး။ ဥယျာဉ်ခြံထဲသွားလည်း ကြောက်ကြောက်လန့်လန့် ဖြစ်နေတယ်၊ ဒီနားမှာလည်း ရော်ဘာခြစ်သမားတွေပဲ ရှိတာကိုး။ သွားလဲ ရဲရဲတင်းတင်း သွားမရဲကြဘူး။ မိန်းမတစ်ယောက်တည်းလည်း လွတ်လွတ်လပ်လပ် သွားချင်တဲ့နေရာ သွားမရဲကြဘူးပေါ့နော်။ အချိန်နဲ့အခါနဲ့လည်း ခြစ်မရတော့ဘူးပေါ့နော်။ လန့်နေကြတာပေါ့၊ အဲဒီတော့ ဘာမှမထူးဘူးဆိုပြီး သွားနေကြတာပေါ့။

DW ။ ဒါဆို ဒေါ်ဒေါ်တို့ရွာမှာ ရော်ဘာခြံတွေ လယ်တွေပစ်ပြီးသွားနေကြတဲ့ သူတွေလည်းရှိတယ်ပေါ့။

ဖြေ။ အေး.. မိဘတော့ ရှိတာပေါ့။ သားငယ်ပိုင်းတွေ သွားကြတာပေါ့၊ မိဘတော့ ရှိတာပေါ့နော်၊

DW ။ ရော်ဘာခြစ်တဲ့ချိန်တုန်းကလည်း ဝင်ခြစ်နေကြတာပဲလား။

ဖြေ။ ရော်ဘာခြစ်ကာလတုန်းက ဘယ်လိုပြောရမလဲ သတင်းမကောင်းဘူးဆိုလည်း မခြစ်ဘဲ နေလိုက်တာပေါ့လေ။ သတင်းတွေဘာတွေ အဆင်ပြေရင်လည်း ဝင်ခြစ်တာပေါ့။ မလုပ်တစ်ချက် လုပ်တစ်ချက်ဖြစ်နေတာပေါ့။ နီးနီးနားနားတွေကတော့ အဲဒီလို မိုးလင်းပိုင်းမျိုးလိုက်ခြစ်တာပေါ့၊ ဝေးဝေးတွေကတော့ ရွာနဲ့ဝေးတဲ့နေရာတွေရှိတာကိုး၊ သတင်းမကောင်းတဲ့အခါ နေ၊ သတင်းကောင်းတဲ့အခါခြစ်ပေါ့ အဲဒီလိုဖြစ်နေတာပေါ့။ အဲဒီတော့ အလုပ်လည်း မမှန်ဘူးဆိုတော့ သားငယ်တွေလည်း နေလို့မပျော်ကြဘူးပေါ့နော်၊ သွားလာလည်း မရဘူးလေ၊ အေး သူတို့လည်း ကြောက်တာပေါ့လေ အမှန်မှာတော့ တိုင်းရေးပြည်ရေးလုပ်တာမဟုတ်ဘူး၊ လိုက်ရင်ပြေးနေရတာကိုး မိဘတွေလည်း သားငယ်တွေကို စိတ်မချကြဘူးပေါ့လေ။

DW ။ ထိုင်းကို ဘယ်လောက်ပေးရလဲ။

ဖြေ။ ခိုးလမ်းကပဲ သွားကြတယ်။ ထီးခီးလမ်းက ပိတ်ထားတယ် သူသွားတုန်းက၊ ခိုးလမ်းကသွားရတယ်။ ငွေကိုမနည်းပေးရတယ်၊ လူတစ်ယောက်ကို ဘတ် ၂၂၀၀၀ (ကျပ် ၁၃ သိန်းခန့်) ပေးရတယ်။ မသွားဘဲမရလို့၊ မသွားဘဲမရဆို ဘာမှမထူးဘူးလေ၊ နောက်ပိုဆိုးလာရင် ပင်ပန်းနေမယ်လေဆိုပြီးပေါ့လေ။

DW ။ ထိုင်းကိုသွားတာ သားတစ်ယောက်ပဲလား၊ ဘယ်သူတွေရှိသေးလဲ။

ဖြေ။ ခုတက္ကသိုလ်တက်နေတဲ့(သမီး) တစ်ယောက်လည်းသွားလိုက်တာပဲ။ သူက(သူ့မောင်ထက်) နည်းနည်းဦးတယ်။ သူက ဒီနှစ်ပဲ ရှေ့ဆင့်နောက်ဆင့်ပဲ။ အေးကျောင်းပြန်တက်လည်း မရဘူးဆိုတော့ သူလည်း တစ်ပိုင်းတစ်စဖြစ်နေတယ်လေ။

တတိယနှစ်၊ ထားဝယ်တက္ကသိုလ်မှာပဲ။ သူက နှစ်ဆယ်ကျော်၊ သူလည်း တက္ကသိုလ်မတက်ရဘူးဆိုတော့ ဒီမှာ စက်ချုပ်သင်လိုက်တယ်။ စက်ချုပ်သင်တာတော့ မပြီးသေးဘူး၊ အကုန်လုံးအောင်မြင်အောင်တော့ မတတ်သေးဘူး။ နည်းနည်းပါးပါးတော့ တတ်နေတာပေါ့နော်။ အဲဒီတော့ စက်ချုပ်သင်နေလည်း မထူးပြီမှတ်တယ်ဆိုပြီးလေ သူတို့လည်း ထပြီးသွားလိုက်တယ်။ အိမ်မှာ အခု လူကြီးနှစ်ယောက်ပဲရှိပြီ။

“ဘယ်သူမှ ထိုင်းကိုမထွက်ချင်ဘူး”

မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီ အတွင်းရေးမှူးဟောင်း

DW ။ အခု လူတွေတော်တော်များများက ထိုင်းကို သွားနေကြတယ်၊ တချို့ရွာတွေမှာဆို လူငယ်တွေ မရှိတော့ဘူးပေါ့၊ အာဏာသိမ်းကာလမှာ တော်တော်များများ ထိုင်းတို့ မလေးတို့ကို သွားသူတွေများလာတယ်။ ဒီမှာ လုံခြုံရေးအရရော၊ အလုပ်အကိုင်အခွင့်အလမ်းအရရော၊ ပညာသင်ကြားခွင့် မရှိတာကြောင့်ပါ သွားနေကြတယ်။ အခုလို လူငယ်တွေတော်တော်များများသွားနေတဲ့အပေါ်မှာ ဘယ်လို သုံးသပ်ချင်လဲ။

ဖြေ။ အထူးသဖြင့်တော့ ဒါက ဝမ်းနည်းစရာကောင်းတယ်၊ ပထမဆုံးပြောချင်တာက၊ လူငယ်အရင်းအမြစ်တွေပေါ့၊ အထူးသဖြင့် တိုင်းပြည်ရဲ့ တကယ် Human Resources တွေပေါ့လေ၊ တိုင်းပြည်ရဲ့ လူသားအရင်းအမြစ်တွေက တိုင်းတပါးကို ထွက်သွားလိုက်ကြတာပေါ့၊ ဆိုတော့ တိုင်းပြည်အတွက်ရော တိုင်းပြည်ရဲ့ အနာဂတ်အတွက်ရော တော်တော်လေးကို စိုးရိမ်စရာအနေအထားဖြစ်တယ်ပေါ့။

ဘာလို့လဲဆိုတော့ လူငယ်တွေဆိုတာက သင်ယူလေ့လာဖို့လိုအပ်တဲ့အချိန်မှာ ပညာသင်ကြားရေးလုပ်ရမယ်။ သူတို့ရဲ့ စွမ်းဆောင်ရည်တွေအတွက်လုပ်ရမယ်။ ထိုနည်းလည်ကောင်းပဲ သူတို့ရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို သူတို့ရဲ့ စီးပွားရေးအတွက် သူတို့တွေလုပ်ရမယ်ပေါ့၊ သို့သော်လည်းပဲ အာဏာသိမ်းမှုနဲ့ အတူ ကျနော်တို့တိုင်းပြည်က investments (ရင်းနှီးမြုပ်နှံမှု)တွေ ထွက်သွားတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးကလည်း ချွတ်ခြုံကျဆုံးတဲ့ အခြေအနေထိဖြစ်နေတယ်ပေါ့၊ အဲဒီလို ချွတ်ခြုံကျသွားတဲ့အခြေအနေမှာ ကျွန်တော်တို့ တနင်္သာရီတိုင်းမှာရှိတဲ့ ပြည်သူလူထုတွေလည်း စီးပွားရေး လူမှုရေး စသဖြင့်ပေါ့ အလူးအလဲခံရတယ်ပေါ့။ အဲဒီလို အလူးအလဲခံရတဲ့လူအုပ်စုတွေထဲမှာ လူငယ်တွေလည်းပါတယ်ပေါ့၊ တစ်ဖက်မှာတော့ စစ်အာဏာသိမ်းမှုနဲ့အတူ ပညာသင်ကြားရေးအခွင့်အလမ်းတွေ ကျွန်တော်တို့ ဆုံးရှုံးခဲ့ရတယ်ပေါ့နော်။

မတရားဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေထိ အခြေအနေမျိုးတွေက လူငယ်တွေကို မလုံခြုံမှုကိုဖြစ်စေတယ်။

တစ်ဆက်တည်းမှာပဲ ခုဏက ပညာသင်ကြားမှု အခွင့်အလမ်းက ဆုံးရှုံးသွားတဲ့ အနေအထားမျိုးဖြစ်တယ်။ ကျောင်းတွေကိုလည်း သူတို့က CDM လုပ်ကြတယ်။ မတက်ကြဘူးဆိုတာမျိုးပေါ့။

နောက်တစ်ခုက သူတို့ရဲ့ လူမှုစီးပွားဘဝတွေပေါ့၊ လူမှုစီးပွားဘဝဆိုရာမှာ သူတို့ရဲ့ ဝင်ငွေ၊ လုပ်ငန်းတွေမရှိတော့ဘူး၊ သူတို့ရဲ့ မိသားစုတွေရဲ့ ပုံမှန်ဝင်ငွေတွေက အရင်ကအနေအထားမျိုး မရှိတော့ဘူးပေါ့၊ အဲဒီလို အနေအထားမျိုးတွေက ကျွန်တော်တို့ တိုင်းထဲမှာရှိတဲ့လူငယ်တွေကို ပြည်ပကိုထွက်ဖို့အတွက် ထိုင်းတို့ မလေးရှားတို့ကို ထွက်ဖို့အတွက် တကယ့်တွန်းအားဖြစ်စေတယ်ပေါ့နော်၊
အဲဒါကတော့ တိုင်းပြည်ရဲ့ အနာဂတ်အတွက်လည်း စိုးရိမ်စရာကောင်းတယ်ပေါ့၊ (သာမာန်အားဖြင့်တော့)လူငယ်တွေက ထိုင်းကိုထွက်သွားတယ်ဆိုတာလောက်ပဲပေါ့။

ဒါပေမဲ့ နောင်အနာဂတ်မှာ တိုင်းပြည်ကိုဦးဆောင်ဖို့ လူငယ်တွေ ပညာသင်ရမယ့်အချိန်မှာ လေ့လာသင်ယူနေရဖို့အချိန်မှာ သူတို့ရဲ့စွမ်းဆောင်ရည်တွေ မြှင့်တင်နေရဖို့အချိန်မှာ တိုင်းတစ်ပါးကိုသွားပြီး အလုပ်လုပ်နေရတယ်ဆိုတာ ဘယ်ဘက်ကလည်း မဖြစ်သင့်ဘူးပေါ့နော်၊ ဒါပေမဲ့လည်း ခုနကပြောတဲ့အခြေအနေတွေက သူတို့ကိုတွန်းပို့လိုက်တဲ့ အခြေအနေတွေဖြစ်တယ်ပေါ့။

ကျွန်တော်သိရသလောက် လူငယ်တွေနဲ့ ထိတွေ့ဆက်ဆံရသလောက်ဆိုရင် ဘယ်သူမှ ထိုင်းကိုမထွက်ချင်ဘူး။ အထူးသဖြင့်တော့ လူငယ်တွေထဲမှာ CDM ဝန်ထမ်းလူငယ်အများစုဆို တိုင်းတစ်ပါးကို ရောက်ကုန်ကြတာ တွေ့ရတယ်။ သူတို့တွေဆို တကယ့်ပညာတတ်တွေဖြစ်တယ်။ နိုင်ငံ့ဝန်ထမ်းကောင်းတွေဖြစ်တယ်၊ တိုင်းပြည်ရဲ့ မျိုးဆက်သစ်တွေကို မွေးထုတ်ပေးတဲ့လူတွေဖြစ်တယ်ပေါ့၊

တိုင်းပြည်ကတကယ်လိုအပ်တဲ့ ဆရာ၊ ဆရာမတွေဆိုရင် တိုင်းပြည်အတွက် အင်မတန်မှအရေးကြီးတဲ့ အရင်းအမြစ်တွေဖြစ်တယ်ပေါ့၊ အင်မတန်မှ အရေးကြီးတဲ့ အုပ်စုတွေဖြစ်တယ်ပေါ့၊ အဲဒီလို ပညာတတ်အုပ်စုတွေ တိုင်းပြည်ရဲ့ အနာဂတ်တွေ မွေးထုတ်ပေးနေတဲ့ ဆရာ၊ ဆရာမတွေကိုယ်တိုင်ကကို ခုဏကပြောတဲ့ လုံခြုံရေးခြိမ်းခြောက်မှုတွေ မိသားစုရဲ့စားဝတ်နေရေး ရပ်တည်နိုင်မှုစိန်ခေါ်မှုတွေပေါ့လေ၊ အဲဒီစိန်ခေါ်မှုတွေကျော်လွှားနိုင်ဖို့အတွက်ကို တိုင်းတစ်ပါးကိုထွက်သွားရတာ သူတို့အတွက် နောက်ဆုံး ရွေးချယ်ဖို့ လမ်းတစ်ခုဖြစ်တယ်ဆိုတာမျိုးပေါ့၊ အဲဒီအပေါ်မှာတော့ လူငယ်ရေးရာကိစ္စတွေ လုပ်ဆောင်ခဲ့တဲ့ လူငယ်တစ်ယောက်အနေနဲ့ရော ကိုယ်ကိုယ်တိုင်က လူငယ်တစ်ယောက်အနေနဲ့ရော တော်တော်လေးကို စိတ်မကောင်း ဝမ်းနည်းစရာ ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့တော့ အဲဒီလို မြင်တယ်ပေါ့၊

“ ကျောင်းသူ၊ ကျောင်းသားတွေမှာဆို ၁၅ နှစ် ၁၆ နှစ်အရွယ်တွေလည်းပါတယ် ”

လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာမှ ဒေသခံလူငယ်တစ်ဦး

DW ။ ခုတလော ရွာတွေမှာ ထိုင်းကို သွားတဲ့လူတွေ အရမ်းများလာတယ်လို့ ပြောတယ်၊ အကိုတို့ရွာမှာရော ထိုင်းကိုသွားတဲ့ အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ။ ရွာမှာ လူငယ်တွေရှိ ကိုမရှိတော့ဘူး၊ နိုင်ငံခြားသွားကုန်တာ။

DW ။ ဘယ်ရွာတွေဖြစ်မလဲ။

ဖြေ။ သဘော့ဆိပ်၊ ကျောက်ဆင်၊ မောင်းမကန်၊ ပန်းတင်အင်းရွာတွေမှာ လူငယ်တွေ မရှိတော့ပြီ။

DW ။ ဘယ်အချိန်ကနေစပြီးသွားများလာတာလဲ။

ဖြေ။ အခု နှစ်လ သုံးလအတောအတွင်းမှာ သွားများလာတယ်။ အစတုန်းကတော့ တစ် နှစ်လောက် တုန်းက (အာဏာသိမ်းတဲ့နှစ်ကိုဆိုလိုသည်) တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ သွားနေကြတယ်၊ အခု သုံးလေးငါးလထဲမှာတော့ သွားသမားက ပိုများလာကြတယ်။

DW ။ အခုသွားနေကြတဲ့လူတွေက ဘယ်လိုကြောင့် သွားကြတာလဲ။ ရွာမှာ လုပ်ငန်းကိုင်ငန်းတွေ အဆင်မပြေလို့လား၊ ဥယျာဉ်ခြံတွေ လုပ်ကိုင်ဖို့ မရှိလို့လား။

ဖြေ။ အဲဒီလိုတော့ မဟုတ်ဘူး၊ ကျွန်တော်တို့ရွာက တံငါလုပ်တယ်၊ တံငါလုပ်တဲ့ လူငယ်တွေလည်းသွားတယ်၊ ပြီးတော့ ကျောင်းသားတွေရော၊ CDM လုပ်တဲ့ ဆရာ၊ ဆရာမတွေကအစ သွားကြတယ်။ ကျောင်းသူ၊ ကျောင်းသားတွေမှာဆို ၁၅ နှစ် ၁၆ နှစ်အရွယ်တွေလည်းပါတယ်။

DW ။ ဒီနှစ်မှ ဘာလို့ သွားများနေကြတာလဲ၊ ဘယ်လိုထင်လဲ။

ဖြေ။ သွားများတာက နှစ်ခုရှိတယ်၊ တစ်ခုက အိမ်မှာ မိသားစုစားဝတ်နေရေးက ယိုင်လာပြီ၊ နောက်ထပ်တစ်ခုက လူငယ်တွေဖြစ်တာကြောင့် သူတို့ဖမ်းချင်တဲ့ခါလည်း ဖမ်းတယ်၊ မဖမ်းချင်တဲ့အခါလည်း မဖမ်းဘူး။ အဲဒီလိုဆိုတော့ ရွာမှာနေရင် ဘာမှ မထူးဘူးလေ၊ သူများနေရာသွားရင် ပိုက်ဆံလည်း ရမယ်၊ အချိန်မကုန်တော့ဘူးပေါ့။ နိုင်ငံရေးနဲ့က တစ်ပိုင်းထားလိုက်၊ သူများနားကိုသွားရင် အလုပ်လုပ်စားနေရတဲ့အတွက် ပိုက်ဆံလည်းရနေမယ် အချိန်လည်း မကုန်တော့ဘူး။ တချို့ဆို ကုန်စုံဆိုင်တွေ ဖွင့်ထားတာပဲ။ ဒါပေမဲ့လည်း ကုန်စုံဆိုင်တွေ ပိတ်ပြီးတော့ သွားလိုက်ကြတာပဲ၊ အစတုန်းက တစ်လလုပ်လို့ တစ်သိန်းလောက်မြတ်တဲ့နေရာမှာ အခုက နှစ်သောင်း သုံးသောင်းလောက်ကို မမြတ်ဘူး၊ နောက်တစ်ခုက နေရစားရလည်း ကြပ်လာတယ်၊ အခုသွားနေတာမှာ မိန်းမတွေဆိုလည်း အသက်ကြီးပိုင်းတွေလည်း ပါတယ်။ ၂၀ အထက်တွေလည်းသွားနေကြတာပဲ။ တော်တော်များများ သွားကြတယ်၊ အသက် ၄၀ ကျော်တွေလည်း သွားကြတာပဲ။

DW ။ ဘယ်နိုင်ငံကို သွားကြတာများလဲ။ ဘယ်လောက်ပေးရလဲ။

ဖြေ။ မလေးနဲ့ ထိုင်းနဲ့ကို အများဆုံးပဲ၊ အခုနောက်ပိုင်းတော့ ထိုင်းထက် မလေးကို ပိုဝင်များနေတယ်၊ မလေးကို ၂၉ သိန်းကနေ ၃၅ သိန်းထိ ယူတယ်၊ အစားစားပဲ တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။ ထိုင်းကိုတော့ ၁၂ သိန်းကနေ ၁၈ သိန်းထိ ပေးရတာလည်း ရှိတယ်။