လယ်သစ်ရွာသို့ စစ်ကြောင်းထိုးလာသဖြင့် ရွာသားများ ဘေးလွတ်ရာတိမ်းရှောင်

0
386
LaeThit

တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ရွာသားများ ဘေးလွတ်ရာတောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် ဇွန်လ ၄ ရက်နေ့ ညနေ ၆ နာရီခန့်က လယ်သစ်ရွာအနောက်ကမ်းသို့ ရောက်ရှိလာသည့်အတွက် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အရှေ့ကမ်းရော အနောက်ကမ်းရော လူမရှိတော့ဘူး။ တောထဲအကုန် ဝင်ပြေးကုန်ကြပြီ” ဟု လယ်သစ်ရွာသားတစ်ဦးက ပြောသည်။

သို့သော် ယနေ့ နေ့လယ်ပိုင်းအချိန်အထိမူ နှစ်ဖက်စစ်ရေးတင်းမာနေသော်လည်း ပစ်ခတ်မှုများ မရှိသေးကြောင်း ဒေသခံများက ပြောပြသည်။

လယ်သစ်ကျေးရွာနှင့် ပဝကျေးရွာတို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲများဖြစ်ပွားသေးသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်။

ဧပြီလအတွင်းက လယ်သစ်ကျေးရွာ အရှေ့ကမ်းရှိ မိုင်တဲတာဝါတိုင် မိုင်းဆွဲခံခဲ့ရသည်။

လယ်သစ်ရွာသို့ စစ်ကောင်စီတပ်က ယခုတစ်ကြိမ်ဝင်ရောက်လာရာတွင် အင်းအားတစ်ရာဝန်းကျင်ရှိသဖြင့် တိုက်ပွဲအကြီးအကျယ်ဖြစ်လာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။  

လယ်သစ်အရှေ့ကမ်းနှင့် အနောက်ကမ်းပေါင်းလျှင် အိမ်ခြေတစ်ထောင်ကျော်ရှိသည့် ရွာကြီးဖြစ်သည်။