လက်နက်ကြီးကျည်ကျ၍ စုံစင်ဖျားရွာခံ ၂ ဦးသေဆုံး

0
662

သရက်ရက်ချောင်းမြို့နယ် စုံစင်ဖျားရွာတွင် ဇွန်လ ၃ ရက်နေ့ ညနေ ၅ နာရီခန့်က လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲသဖြင့် အမျိုးသားတစ်ဦးနှင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦး သေဆုံးသွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

သရက်ချောင်းမြို့နယ် သဲချောင်းကြီး ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF ) က ဝင်တိုက်ရာမှ စစ်ကောင်စီတပ်ဖွဲ့နှင့် နှစ်နာရီခန့်ကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စုံစင်ဖျားရွာထဲသို့ လက်နက်ကြီးကျည် ကျခဲ့ခြင်းဖြစ်သည်။

“(စုံစင်ဖျား)ရွာထိပ်မှာမီးသတ်ရုံးရှိတယ် အဲဒီကနေ လက်နက်ငယ်နဲ့လည်းပစ်တယ် လက်နက်ကြီးက တစ်ချက်ပေါ့ အဲတစ်ချက်ကရွာထဲမှာကျတာ”ဟု ၎င်းကပြောသည်။

ယင်းလက်နက်ကြီး ကျရောက်မှုကြောင့် စုံစင်ရွာသား အသက်သုံးဆယ်ကျော်အရွယ်ရှိ ကိုသက်ထွေးဆိုသူမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် ၁၄ နှစ်အရွယ်ရှိ မလဲ့လဲ့ဝင်းမှာလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသဖြင့် ရငဲဆေးရုံသို့တင်ပို့ရာ ယင်းနေ့ည တွင်‌ပင်သေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။

သေဆုံးသူအမျိုးသမီးငယ်မှာ သရက်ချောင်းမြို့နယ် ၄၀၄ တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီတပ်မှ စစ်သားဦးကျော်ငြိမ်း၏ သမီးဖြစ်ပြီး ဇနီးဖြစ်သူမှာ စုံစင်ဖျားရွာသူ မမြင့်ဌေး(ခ)မပြူးဖြစ်သည်ဟု ဒေသခံများ ပြောကြားချက်အရ သိရသည်။

ယင်းသို့ဖြစ်ပွားစဉ်တွင် ဦးကျော်ငြိမ်းမှာ အခြားဒေသတစ်ခုသို့  တာဝန်ဖြင့် ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရပြီး ရာထူးနှင့် အသေးစိတ်အခြေအနေကိုမူ သိရှိရခြင်းမရှိပေ။

“အဲကလေးက က ကျောင်းသူလေးပါ ရှစ်တန်းပေါ့။ တိုက်ပွဲဖြစ်တယ်ဆိုသံကြားတာနဲ့ မိဘတွေက ကျောင်းကသွားခေါ်လာကြတယ် အိမ်ရောက်ပြီး သိပ်မကြာဘူး သူတို့အိမ်နောက်ကို လက်နက်ကြီးကကျတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

အခြားသေဆုံးသူ တစ်ဦးဖြစ်သည့် ကိုသက်ထွေးတွင် ဇနီးအပါဝင် သားသမီး သုံးဦးကျန်ခဲ့သည်။

လက်နက်ကြီးထိမှန်ခြင်းကြောင့် သေဆုံးသူနှစ်ဦးစလုံးကို ယနေ့ ဇွန် ၄ ရက်နေ့ နေလယ် ၁၂ နာရီခန့်တွင် မီးသင်္ဂြိုဟ်လိုက်သည်ဟုသိရသည်။