စစ်ဘေးရှောင်များကို ကူညီနေသည့် CDM သူနာပြုဆရာမ ရုတ်တရက်ကွယ်လွန်

0
453

တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များအား ကူညီနေသည့် CDM ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ဦး ရုတ်တရက် ကွယ်လွန်သွားကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

တနင်္သာရီမြို့နယ်၊ သိန္ဒောကျေးရွာရှိ ကျန်းမာရေးဌာနက CDM ပြုလုပ်ထားသည့် သူနာပြုဆရာမ ဒေါ်သဇင်ငြိမ်းသည် စစ်ဘေးရှောင်နေသူများနှင့် အတူနေထိုင်နေစဉ် ဇွန်လ ၂ ရက် ညနေတွင် ရုတ်တရက် နှလုံးအမောဖောက်ကာ ကွယ်လွန်သွားကြောင်း ဒေသခံစစ်ဘေးရှောင်များက ပြောသည်။

“သူက စိတ်ကောင်းစေတနာ ပြည့်ဝတဲ့ဆရာမတစ်ယောက်ပါ။ လေးလသားလေးတစ်ယောက် ကျန်ရစ်တယ်” ဟု စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

သူမသည် တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စု၊ ဝါသရွာဇာတိဖြစ်ပြီး ကွယ်လွန်ချိန်တွင် လသားအရွယ် သားတစ်ယောက်နှင့် ခင်ပွန်းဖြစ်သူတို့ ကျန်ရစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ခဲ့ပြီး စစ်အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများနှင့် တစ်သားတည်း ရပ်တည်ကာ စစ်ဘေးရှောင်များကို ၎င်းတတ်ထားသည့် ဆေးပညာဖြင့် ကူညီပေးနေသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲများ မကြာခဏဖြစ်နေပြီး လက်ရှိနေရပ်စွန့်ခွာ စစ်ဘေးရှောင်နေသည့် ဒေသခံပြည်သူ တစ်သောင်းကျော် ရှိနေသည်။