ပုလော ပလစက်တော်ရာရွာ ရာအိမ်မှူးပစ်သတ်ခံရ

0
360

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ စက်တော်ရာကျေးရွာက ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ပလမြို့နယ်ခွဲ၊ ကျဲကျေးရွာအုပ်စု စက်တော်ရာကျေးရွာက ရာအိမ်မှူး ဦးအေးထွန်းသည် ဇွန်လ ၃ ရက်ည ၇ နာရီခန့်တွင် ရွာထိပ်လမ်းမ၌ သေနတ်ဖြင့် ပစ်သတ်ခံရသဖြင့် သေဆုံးသွားကြောင်း ရွာသားများက ပြောသည်။

“ရွာမှာက သူ့ကို ထန်းဗလက်လို့ ခေါ်ကြတယ်။ စစ်ကောင်စီသတင်းပေးတာတွေ လုပ်တယ်လို့ ပြောကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယင်းအပြင် ရွာသားများအား ကင်းစောင့်ခိုင်းခြင်း၊ ကင်းမစောင့်သူများထံမှ ငွေတောင်းခြင်း၊ ထိုင်းဖက် သွားသည့် ကားများမှ ငွေကြေးတောင်းခံခြင်း စသည်တို့ လုပ်ဆောင်နေသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဦးအေးထွန်း အသတ်ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် လုပ်ဆောင်ခဲ့သည်ကိုမူ Dawei Watch အနေဖြင့် အတည်မပြုနိုင်သေးပေ။

ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့ကလည်း ပုလောမြို့နယ်၊ သင်္ကန်းတောရွာတွင် ဦးမောင်သိန်းဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေနတ်ဒဏ်ရာ သုံးချက်ထိကာ မြိတ်ဆေးရုံသို့ အရေးပေါ်တင်ဆောင်ကာ ကုသနေရကြောင်း ဒေသခံများထံမှ သိရသည်။

ဦးမောင်သိန်းသည် စစ်ကောင်စီတပ်ဖွဲ့အား သတင်းပေးလမ်းပြလုပ်ခဲ့သည့်အတွက် ပစ်ခတ်ခဲ့ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) တာဝန်ရှိသူက သတင်းမီဒီယာများအား ပြောဆိုထားသည်။

ပုလောမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီသတင်းပေးများသည် မေလ ၁၇ ရက် နောက်ဆုံးထားပြီး တာဝန်မှ အမြန်ဆုံးနုတ်ထွက်ရန် ပုလောပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက သတိပေးထားခဲ့သည်။