ပုလောအရှေ့ခြမ်းရှိ ရွာတစ်ဆယ်ကျော် ဆန်နှင့် စက်သုံးဆီ သယ်ခွင့်ကန့်သတ်ခံရ

0
237

မြိတ်ခရိုင်၊ ပုလောမြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာတစ်ဆယ်ကျော်သို့ ဆန်၊ စက်သုံးဆီနှင့် စားသုံးဆီများ သယ်ယူခွင့် စစ်ကောင်စီတပ်ဖွဲ့က ကန့်သတ်ထားကြောင်း ဒေသခံများက ပြောသည်။

နန်းတောင်ကျေးရွာအုပ်စု၊ ပုလောကုန်းကျေးရွာအုပ်စုနှင့် ရေရှမ်းကျေးရွာအုပ်စုများရှိ ရွာပေါင်း တစ်ဆယ် ကျော်ကို ပြီးခဲ့သည့် တစ်ပတ်ကျော်မှစတင်ပြီး ကန့်သတ်ထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယင်းကျေးရွာများသို့ သွားသည့် ပုလောမြို့လမ်းခွဲ နန်းတောင်ကျေးရွာတွင် စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်ဖွင့်ကာ ကုန်စည်များကို ရှာဖွေစစ်ဆေးလျှက်ရှိကြောင်း ဒေသခံများက ပြောပြသည်။

“ပေးတော့ ပေးသယ်တယ်။ အများကြီးသယ်လို့တော့ မရဘူး” ဟု ပုလောကုန်းကျေးရွာအုပ်စု၊ ကျောင်းနိမ့်ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းကျေးရွာများရှိ အိမ်ထောင်စုတစ်စုလျှင် ဆန် ၁၀ ပြည်၊ စက်သုံးဆီ ၅လီတာသာ သယ်ယူခွင့်ရပြီး စားသုံးဆီကိုလည်း သုံးလီတာသာ သယ်ခွင့်ရကြောင်း ဟုနန်းတောင်ကျေးရွာအုပ်စု၊ ဂျက်ဂါရွာနေ အမျိုးသား တစ်ဦးက ပြောသည်။

“စားဝတ်နေရေး ပင်ပန်းပြီး အတော်ဒုက္ခရောက်နေကြတယ် ဒီမှာ” ဟု ၎င်းက ဆိုသည်။

ကျေးရွာသားအများစုသည် လယ်ယာနှင့် ဥယျာဉ်ခြံမြေ လုပ်ကိုင်ကြပြီး လက်ရှိမိုးရာသီ လယ်လုပ်ချိန်တွင် စက်သုံးဆီ သယ်ယူရေး အခက်အခဲကြောင့် လုပ်ငန်းခွင်သို့ မဝင်ရောက်နိုင်ကြသူများလည်း ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။

ယင်းကျေးရွာအုပ်စုများသည် KNU တပ်မဟာ (၄) ၏ ထိန်းချုပ်နယ်မြေများဖြစ်ပြီး ပုလောပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲကြီး၊ တိုက်ပွဲငယ်များ မကြာခဏ ဖြစ်လေ့ရှိသည့် ဒေသတစ်ခု ဖြစ်သည်။

စစ်ကောင်စီတပ်က PDF တပ်ဖွဲ့များ အင်အား ချည့်နဲ့စေရန် ရည်ရွယ်ချက်ဖြင့် ရိက္ခာများ ဖြတ်တောက် နေသော်လည်း အကျိုးအဆက်ကို ဒေသတွင်းနေထိုင်သည့် ပြည်သူများသာ လက်ရှိခံနေရသည်ဟု ပုလောဒေသခံ အမျိုးသားတစ်ဦးက မှတ်ချက်ပေးသည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း ယင်းဒေသအတွင်း တိုက်ပွဲဖြစ်ခဲ့ပြီး အနည်းဆုံး ရွာသုံးရွာနေ ပြည်သူ တစ်ထောင်ကျော် အိုးအိမ်စွန့်ခွာကာ စစ်ဘေးရှောင်ခဲ့ကြရသည်။

ပုလောမြို့နယ်ကဲ့သို့ တနင်္သာရီမြို့နယ်၊ တကူ၊ သရဘွင်၊ သိန္ဒောကျေးရွာအုပ်စုများသို့လည်း PDF များ ခိုလှုံနေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့က ဆန်နှင့် စက်သုံးဆီ သယ်ယူခွင့် ကန့်သန့်ထားသောကြောင့် ဒေသခံများ စားသောက်ရေး အခက်အခဲကြုံနေရသည်။