လောင်းလုံးတွင် စစ်ကောင်စီတပ်ကား မိုင်းခွဲတိုက်ခိုက်ခံရ

0
292

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်ကားနှစ်စီးကို ဒေသတွင်းလှုပ်ရှားနေသည့် PDF အဖွဲ့နှစ်ခု ပူးပေါင်းပြီး ယနေ့ နံနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

လောင်းလုံးမြို့မရဲစခန်းက အင်အား ၁၅ ဦးပါ ကင်းလှည့် စစ်ကောင်စီတပ်ကား နှစ်စီးကို ယနေ့ (ဇွန် ၂) နံနက် ၉ နာရီဝန်းကျင်တွင် မိုင်းလေးလုံး ဆက်တိုက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းဖောက်ခွဲမူကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Dawei Defense Team (DDT) တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်မှုအခြေအနေကို အတည်မပြု နိုင်သေးကြောင်း ထုတ်ပြန်တွင် ရေးသားထားသည်။

တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် နေရာအတိအကျကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိဘဲ လောင်းလုံးမြို့နယ်အောက်ပိုင်းတစ်နေရာဟုသာ ဖော်ပြထားသည်။

‌ဒေသခံအချို့ကမူ လောင်းလုံး စစ်ပြဲသွား လမ်းပိုင်းတွင် ဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။

ယနေ့ နံနက် ၈ နာရီ မိနစ် ၃၀ ခန့်တွင် လောင်းလုံးမြို့ (ခ) ရပ်ကွက် လယ်ကွင်းများဘက်က ဗုံးဟု ယူဆရသည့် ပေါက်ကွဲသံများကြားရကြောင်း မြို့ခံတစ်ဦးက ပြောသည်။

ယင်းနောက် (ခ) ရပ်ကွက်ရှိ လောင်းလုံးမြို့မဈေးအနီးတွင် စစ်သားနှင့် ရဲများ ခေါက်တုံ့ခေါက်ပြန် သွားလာနေကြသည်ကို တွေ့ရကြောင်း အခြားမြို့ခံတစ်ဦးက ပြောသည်။

“(မြို့မ) ဈေးနားမှာ လူတွေရုတ်သဲသဲ ဖြစ်နေကြတယ်။ ရဲတွေ စစ်သားတွေလည်း ‌အဲဒီနားမှာ ခြေရှုပ် နေကြတယ်။ ဘာဖြစ်မှန်းတော့ မသိဘူး။ လမ်းသွား၊ လမ်းလာတွေကိုတော့ စစ်ဆေးတာမရှိဘူး” ဟု ၎င်းက ဆိုသည်။

စစ်ပြဲကျေးရွာနှင့် လောင်းလုံးမြို့ကို ဆက်သွယ်ထားသော ကွန်ကရစ်လမ်းသည် လောင်းလုံးမြို့ (ခ) ရပ်ကွက် ရွာရှင်ဘိုးဘိုးအိမ် (နတ်အိမ်) အနီးကို ဖြတ်သန်းသွားသည်။

လောင်းလုံး ရွာရှင်ဘိုးဘိုးအိမ်မှ လောင်းလုံးမြို့မဈေးသို့ ဆိုင်ကယ်ဖြင့်သွားမည်ဆိုပါက တစ်မိနစ် ဝန်းကျင်သာ ကြာနိုင်ကြောင်း မြို့ခံအချို့က ပြောသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည့် ဓာတ်ပုံမှတ်တမ်းအရ ‌မိုင်းဖောက်ခွဲ သည့်နေရာမှာ ထားဝယ် လောင်းလုံး ရှင်မော် ကတ္တရာကားလမ်းကြီးမဟုတ်ဘဲ ကျေးရွာချင်းဆက် လမ်းများတွင် တွေ့ရလေ့ရှိသည် ကွန်ကရစ်လမ်း အမျိုးအစားဖြစ်သည်ကို တွေ့ရသည်။

လောင်းလုံး စစ်ပြဲသွားလမ်းသည် တစ်မိုင်ဝန်းကျင် ရှည်လျားပြီး လမ်းတစ်လျှောက်လုံး လူနေအိမ်များမရှိဘဲ ဥယျာဉ်ခြံများသာ တည်ရှိသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလလည်း လောင်းလုံး စစ်ပြဲသွား လမ်းပိုင်းတစ်နေရာတွင် ရဲတပ်သားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရဖူးသည်။

‌ယင်းနေ့ နံနက် ၆ နာရီခန့်ကလည်း လောင်းလုံး ညင်းမော်သွား ကတ္တရာ ကားလမ်မကြီးတွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။ ယင်းပေါက်ကွဲမှုကိုမူ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရသေးပေ။