ထားဝယ်‌အရှေ့တောနယ်မှ အရေးပေါ်ကူညီရေးအဖွဲ့တစ်ဖွဲ့ လုပ်ငန်းရပ်နား

0
405

တိုက်ပွဲဖြစ်ပွားနေသည့် ထားဝယ်အရှေ့တောနယ် ကျေးရွာများတွင် အကူအညီပေးနေသော TTL အာယုဒါန အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမူအထောက်အကူပြုအဖွဲ့က လုပ်ငန်းရပ်နားလိုက်ကြောင်း ထုတ်ပြန်လိုက်သည်။

စက်သုံးဆီစျေးမြင့်တက်မှုအပြင် လမ်းပန်းဆက်သွယ်ရေးနှင့် အခြားအခက်အခဲများကြောင့် ဧပြီလ ၃၀ ရက်နေ့မှစပြီး ရက်အကန့်အသတ်မရှိ ရပ်နားလိုက်ကြောင်း ယင်းအဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လတ်တလောတွင် အဖွဲ့အတွင်း ရန်ပုံငွေနည်းပါးလာပြီး တစ်ဖက်တွင် နေ့ဖက် ဖုန်းဆက်သွယ်ရေး အခက်အခဲနှင့် စက်သုံးဆီဈေးကြီးသည့် အခက်အခဲတို့ကြောင့် လူနာကူညီသယ်ဆောင်ပေးခြင်းကို ယာယီရပ်နားရခြင်းဖြစ်ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရှမ်းပြည်(ထိုင်းနိုင်ငံ) မှာရှိတဲ့သူတွေဆီအလှူခံပြီးရင်တော့ တစ်ပတ် နှစ်ပတ်အတွင်းပြန်ပြီလည်ပတ်ဖို့ရှိတယ်” ဟု ၎င်းကဆိုသည်။

TTL အဖွဲ့သည် ဧပြီလကတည်းက တိုက်ပွဲများစတင်ဖြစ်ပွားနေသည့် ထားဝယ်-ထီးခီးလမ်းပေါ်ရှိ တောင်သုံး‌ကျေးရွာအခြေစိုက် အဖွဲ့တစ်ခုဖြစ်ပြီး ဒေသခံပြည်သူများ၏ အလှူငွေဖြင့် ရပ်တည်လည်ပတ်နေသည့် အဖွဲ့ဖြစ်သည်။

မေလ ၁၀ ရက်က တောင်သုံးလုံးရွာ၌ ဖြစ်ပွားခဲ့သည့် လက်နက်ကြီးပစ်ခတ်ခံရမူတွင် သေဆုံးလူနာနှင့် ဒဏ်ရာရသူတို့ကို ကူညီသယ်ဆောင်ပေးခဲ့သလို အရှေ့တောနယ်ရှိ ကျေးရွာဆယ်ရွာမှ မွေးလူနာ၊ ထိခိုက်ဒဏ်ရရာရှိမူ၊ ဖျားနာလူနာ တို့ကို အရေးပေါ်ကားဖြင့် သယ်ဆောင်ပြီး ဆေးရုံပို့ဆောင် ကူညီနေသည့် အဖွဲ့လည်းဖြစ်သည်။

“ကျွန်မတို့ဒေသကသူတွေ အရမ်းအားကိုးရတဲ့အဖွဲ့ပါ။ ညရေး ညတာ နေမကောင်း စားမကောင်းဖြစ်ရင် သူတို့အဖွဲ့ကိုပဲ အားကိုးနေကြရတာ။ အခုလိုနားလိုက်တော့ အားကိုးစရာတစ်ခု ဆုံးရှုံးသွားတာ‌ပေါ့” ဟု တောင်သုံးလုံးရွာခံတစ်ဦးက ပြောသည်။

အရှေ့တောနယ်ရှိ အခြားကျေးရွာများမှ အရေးပေါ်လူနာသယ်ဆောင်ရေးအဖွဲ့များမှာမူ လူမူကူညီရေးလုပ်ငန်းများ လုပ်ဆောင်လျက်ပင်ရှိသေးသည်။

TTL အဖွဲ့ထံသို့ လူနာသယ်ဆောင်ပေးရန် ကူညီတောင်းခံလာပါက အနီးနားကျေးရွာများရှိ အရေးပေါ်ဆေးရုံများကို ဆက်သွယ်ပြီး တစ်ဆင့်ကူညီပေးနေကြောင်း ယင်းအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထားဝယ်အရှေ့တောနယ်သည် ဧပြီလမှစပြီး တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကာ စစ်ဘေးရှောင်များလည်း အများအပြားရှိနေသည်။

ထားဝယ်-ထီးခီးလမ်းပိုင်းမှာလည်း အစစ်အဆေးတင်းကျပ်နေသဖြင့် ထားဝယ်သို့ပြေးဆွဲနေသည့် ကားများရပ်နားထားရပြီး ဒေသခံများမှာ စားသောက်ကုန်နှင့် စက်သုံးဆီဝယ်ယူရန် အခက်အခဲကြုံတွေ့နေရသည်။

လျှပ်စစ်မီးမှာလည်း ဧပြီလ နောက်ဆုံးအပတ်မှစကာ ၂၄ နာရီမရတော့ဘဲ ညအချိန် အချိန်ပိုင်းမျှသာရရှိတော့ကြောင်း ဒေသခံများထံမှသိရသည်။

ထားဝယ်မြို့ရှိ စက်သုံးဆီဈေးနူန်းမှာ ၉၂ တစ်လီတာလျှင် ၂၂၅၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၃၃၅ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၅၀၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ၂၅၃၀ ဈေးပေါက်လျက်ရှိကြောင်း တွေ့ရပြီး ဆိုင်ပေါ်မူတည်၍ စျေးနှုန်းအနည်းငယ် ကွာခြားမှု ရှိနိုင်သည်။