လောင်းလုံးမြို့နှင့် ညင်းမော်ရွာအကြား ဗုံးပေါက်

0
505

လောင်းလုံးမြို့နှင့် ညင်းမော်ရွာအကြား လူပြတ်သည့် လမ်းပိုင်းတစ်နေရာတွင် ယနေ့ (ဇွန် ၂) နံနက်ပိုင်းက ဗုံးပေါက်ကွဲကြောင်း ဒေသခံအချို့က ပြောသည်။

နံနက် ၆ နာရီဝန်းကျင်တွင် ပေါက်ကွဲခြင်းဖြစ်ပြီး ပေါက်ကွဲမူကြောင့် ထိခိုက်မူအခြေအနေကိုမူ ကြားသိရခြင်း မရှိကြောင်း ဒေသခံအချို့ကပြောသည်။

“ပေါက်ကွဲသံကတော့ တော်တော်ပြင်းတယ်။ ဗုံးပေါက်ပြီးတာနဲ့ မီးခိုးလုံးကြီးတွေ တက်လာလို့ ဘာဖြစ်တာလဲမသိဘူးဆိုပြီး သွားကြည့်ကြည့်တာ။ ကားတစ်စီးနောက်ပြန်ဆုတ်ပြီး လာနေတာ တွေ့ရတယ်။ ကျန်တာတော့ ဘာမှ မတွေ့ရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

လောင်းလုံးမြို့နှင့် ညင်းမော်ရွာအကြား လောင်းလုံးမြို့ဆိုင်းဘုတ်နှင့် မနီးမဝေး ကားလမ်းမဘေးနှင့် ကပ်လျက်နေရာတွင် ဗုံးပေါက်သည်ဟုယူဆရသည့် တွင်း ၂နှစ်ခုကို တွေ့ရကြောင်း ယင်းလမ်းပိုင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဖြန်သန်းသွားလာခဲ့သူတစ်‌ဦးက ဆိုသည်။

ယင်းဗုံးပေါက်ကွဲမူကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လုပ်ဆောင်သည်ကိုမူ မသိရသေးပေ။

ဗုံးပေါက်ကွဲပြီးနောက် ညင်းမော်ကျေးရွာအနောက်ဘက်တောထဲတွင် စစ်ကောင်စီတပ်သာများ တောနင်းရှာဖွေနေကြသည်ကို တွေ့ရသဖြင့် ဥယျာဉ်ခြံအတွင်းရှိ အလုပ်သမားအချို့ ထွက်ပြေးလာကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဗုံးပေါက်တယ်ဆိုတော့ PDF တွေကို လိုက်ရှာတာ ဖြစ်မယ်ထင်တယ်။ မနက်စောစော ခြံထဲက ဖုန်းဆက် လာတယ်။ ခြံထဲဝင်မလာကြနဲ့ စစ်သားတွေ ရှိနေတယ်ဆိုပြီး‌” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

လောင်းလုံးမြို့နှင့် ညင်းမော်ရွာကြား ဗုံးပေါက်သည့် အချိန်တွင်ပင် လောင်းလုံးမြို့ (ခ) ရပ်ကွက် လယ်ကွင်းများရှိရာဘက်ကလည်း ဗုံးဟုယူဆရသည့် ပေါက်ကွဲသံတစ်ချက်ကြားရကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။

လောင်းလုံးမြို့ပေါ် ဖြစ်စဉ်အသေးစိတ်ကိုမူ အတည်ပြုမေးမြန်းနိုင်ခြင်း မရှိသေးပေ။

လောင်းလုံးမြို့အနီးအနားတွင် ဗုံးပေါက်နေချိန် မြို့နှင့် ငါးမိုင်ခန့်အကွာ လေးသွန်းခံကျေးရွာရှိ ဗိုလ်မှူးကြီး ဗထူးရုပ်တုတွင် လောင်းလုံးမြို့နယ် တော်လှန်ရေးအင်အားစုများပူးပေါင်းကာ အလေးပြုအခမ်းအနား တစ်ခု ပြုလုပ်သည်။

ဗိုလ်မှူးကြီးဗထူးကျဆုံးခြင်း ၇၇ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပခဲ့ပြီး လွမ်းသူ့ပန်းခွေများ ချထားခဲ့ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားသည်။

ယင်းအခမ်းအနားကို လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်) ၊ Dawei LGBT community၊ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံကျောင်းသားများသမဂ္ဂ၊ သရက်ချောင်း၊ လောင်းလုံး မြို့နယ် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီနှစ်ခုနှင့် ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှုကော်မတီတို့မှ ကိုယ်စားလှယ်များ တက်ရောက်‌ကြောင်း ထုတ်ပြန်ထားသည်။