အမေရိကတွင် သေနတ်သမားတစ်ဦး ဆေးရုံထဲဝင်ပစ်၍ လေးဦးသေဆုံး

0
258
ဓာတ်ပုံ - ရိုက်တာ

အမေရိကန်ပြည်ထောင်စု အိုကလာဟိုးမားပြည်နယ် တူလ်ဆာမြို့ ဆေးရုံတစ်ရုံသို့ လက်နက်ကိုင် သေနတ်သမား တစ်ဦးက ဝင်ရောက်ပစ်ခတ် သတ်ဖြတ်ခဲ့ရာ အဆိုပါ သေနတ်သမား နှင့် အခြားလူ လေးဦး သေဆုံးသွားကြောင်း သတင်းများက ဖော်ပြထားသည်။

တရားခံသည် ရိုင်ဖယ်သေနတ်တစ်လက်၊ လက်ကိုင် သေနတ်တို တစ်လက်တို့ဖြင့် စိန့်ဖရန်စစ် ဆေးရုံကို ဝင်ရောက်လာခြင်း ဖြစ်ကြောင်း၊ လူ လေးဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများ ရှိသော်လည်း သေဆုံးသူ ဦးရေ ထပ်တိုးလာရန် မရှိသေးကြောင်း ရဲအရာရှိများက အတည်ပြုဖော်ပြထားသည်။

မည်သည့်အတွက်ကြောင့် ယင်းသို့ ဆေးရုံကို သေနတ်ဖြင့် ဝင်ပစ်ရသည်ကို မသိသေးသလို၊ တရားခံမည်သူ မည်ဝါ ဆိုသည်ကိုလည်း ထုတ်ပြန်ထားခြင်း မရှိသေးပေ။

အခင်းဖြစ်ချိန် ညနေ ၅နာရီထိုးခါနီးတွင် သတင်းပေးတိုင်ကြားမှုရရှိခဲ့ပြီး ၃ မိနစ်အတွင်း ပြန်လည်တုန့်ပြန် နိုင်ခဲ့သည်ဟု ဒုတိယရဲမှူး အဲရစ်ဒါဂလက်ရှ် က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း တက္ကဆက်ကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကလေး ၁၉ ဦးသေဆုံးခဲ့သည်။

ယင်းသို့ သေနတ်ပစ် အကြမ်းဖက်မှုများကို တားမြစ်ရန်အတွက် အမေရိကန်များ အသံကျယ်ကျယ်ထွက်ကြရန် အမေရိကန်သမ္မတဘိုင်ဒင်က သတိပေးပြောကြားထားသည်။

အမေရိကန်ပြည်ထောင်စုတွင် လက်နက်ကိုင်ကာ လူအုပ်ကို ပစ်ခတ်မှုများ မကြာခဏ ဖြစ်တတ်သဖြင့် သေနတ်ကိုင်ဆောင်ခွင့်ကို ထိန်းချုပ်ရန် တောင်းဆိုမှုများ ရှိနေသကဲ့သို့ သေနတ်ကိုင်ဆောင်ခွင့်ကို ကာကွယ်လိုသူများလည်း ရှိသည်။