ထိုင်းမြောက်ပိုင်းတွင် မြန်မာလုပ်သားများ မိသားစုလိုက် ဖမ်းဆီးခံရ

0
402
Migretion

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားမိသားစုကို မေလ ၃၁ ရက် ညပိုင်းက ဖမ်းမိပြီး ယင်းအနက် ကလေးငယ် ၁၀ကျော်ပါဝင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။

ထိုင်းမြောက်ပိုင်း မဲဟွန်ဆွန်ခရိုင် (Mae Hong Son) ၊ ခုမ်ယွမ်မြို့ (Khum Yuam) တောတွင်း တစ်နေရာတွင် မြန်မာ ၂၆ ဦးကို ဖမ်းမိခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်ကို ကိုကားကာ ယင်းသတင်းများတွင် ဖော်ပြသည်။

၎င်းတို့သည် မဲဟွန်ဆန်ခရိုင်မှတစ်ဆင့် ပစ်ကပ်ကားဖြင့် ပထုံဌာနီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်လုပ်ကိုင်ရန် ပြင်ဆင်နေစဉ် ထိုင်းနိုင်ငံသား ကားသမားနှစ်ဦးနှင့်အတူ မဲငေါင်ရွာအနီးရှိ တောထဲတွင် ဖမ်းမိခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

မြန်မာအလုပ်သမားများကို တရားမဝင် ပို့ဆောင်ရန်စီစဉ်နေသည်ဟု ဒေသခံများ၏ သတင်းပေးမှုကြောင့် ထိုင်းအာဏာပိုင်များနှင့် မဲဟွန်ဆွန်လူဝင်မှုကြီးကြပ်ရေးတို့ ပူးပေါင်း၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း သတင်းများတွင် ရေးသားထားသည်။

ဖမ်းဆီးခံရသူ ၂၆ ဦးတွင် အသက် ၁နှစ်မှ ၁၀ နှစ်အထိ ကလေးငယ်များ ပါဝင်သည်ဟု သတင်းများတွင် ဖော်ပြထားသော်လည်း အရေအတွက် အတိအကျ ဖော်ပြထားခြင်းမရှိပေ။ ယင်းအပြင် မိသားစု မည်မျှ ရှိသည်ကိုလည်း ဖော်ပြထားခြင်း မရှိပေ။  

ထိုင်းသတင်းဌာနများတွင် ဖော်ပြသည့် ဓာတ်ပုံမှတ်တမ်းများအရမူ ကလေးငယ် ၁၄ ဦးထက် မနည်း ပါဝင်နေသည်ကို တွေ့ရသည်။

ယခု ဖမ်းမိထား‌သော မြန်မာများကို ဥပဒေနှင့် အညီ အရေးယူပြီး ပြည်နှင်ဒဏ်ပေးမည်ဟု ထိုင်းအာဏာပိုင်များက ထုတ်ဖော်ပြောဆိုကြောင်း သတင်းများတွင် ရေးသားထားသည်။

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်နယ်စပ်တလျှောက် မှောင်ခိုလုပ်ငန်းကို တားဆီးရန် တာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းလည်း ဖော်ပြထားသည်။

ထိုင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသော မြန်မာလုပ်သားများကို ချိတ်ဆက်ဆောင်ရွက် နေခဲ့ရာ ယခုနှစ်အစမှ မေလ ၃၁ ရက်နေ့အထိ ဖမ်းဆီးခံရသူ ၇၉၀၀ ကျော်နေပြီဖြစ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ အလုပ်သမားတာဝန်ခံ ဦးမင်းမင်းဦးက ဆိုသည်။

FED သည် ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အရေးကိုဆောင်ရွက်နေသည့် ဖောင်ဒေးရှင်း တစ်ခုဖြစ်သည်။

သို့သော် မြေပြင်တွင် ဖမ်းဆီးခံရသူမှာ ယခု အရေအတွက်ထက် ပိုများနိုင်ကြောင်း ဦးမင်းမင်းဦးက ပြောဆိုသည်။

ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားများကို မြဝတီ-မဲဆောက် နယ်စပ်ဂိတ်မှတစ်ဆင့် တရားဝင် ခေါ်ယူ နေပြီဖြစ်သော်လည်း ထိုင်းမြောက်ပိုင်း နယ်စပ်ဂိတ်ဖြစ်သော တာချီလိတ်-မယ်ဆိုင်နယ်စပ်ဂိတ် အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ခေါ်ယူခြင်း မရှိသေးပေ။

တာချီလိတ်-မယ်ဆိုင်ဂိတ်ကို ဇွန်လ ၁ ရက်နေ့တွင် ဖွင့်လှစ်ရန် ရည်ရွယ်ထားသော်လည်း မြန်မာအစိုးရ ဘက်က ကိုဗစ်ရောဂါ၊ နယ်မြေလုံခြုံရေးတို့ကြောင့် နယ်စပ်ဖြတ်ကျော် ကိစ္စရပ်များနှင့် ပက်သက်၍ ဆောင်ရွက်ရန် ရှိနေသေးသဖြင့် ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။

Ref: MGR Online, Thaicrime Online