မွန်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ သုံးရာကျော်အထိရှိလာ

0
314
Mon-Hospital

မွန်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ များပြားလာပြီး မေလ နောက်ဆုံးပတ်အထိဖြစ်ပွားသူ ၃၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးကူးစက်ရောဂါမှာ ဇန်နဝါရီလမှ စတင်ဖြစ်ပွားခဲ့ပြီး မေလအတွင်း အဖြစ်များလာခဲ့ခြင်းဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။  

ယခင်လတို့တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ တစ်ပတ်လျှင် ၁၀ ဦးကျော်ရှိရာမှ မေလတွင် တစ်ပတ်လျှင် ၃၀ ကျော်အထိ မြင့်တက်လာကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

သွေးလွန်တုပ်ကွေး ဖြစ်ပွားသူအများစုသည် အသက် ၁၅ နှစ်အောက် ကလေးများဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

“သွေးလွန်တုပ်ကွေးက ဇွန်၊ ဇူလိုင်လမှာဆိုရင် ပိုပြီး အဖြစ်များလာနိုင်တယ်” ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သွေးလွန်တုပ်ကွေးဖြစ်ပွားမှုသည် ၂ နှစ်တစ်ကြိမ်၊ ၃ နှစ်တစ်ကြိမ် အဖြစ်များတတ်သည့် သဘောသဘာဝ ရှိပြီး ပြီးခဲ့သည့်နှစ်များက ရောဂါဖြစ်ပွားခဲ့သည့်အခြေအနေကို ကြည့်ခြင်းအားဖြင့် ယခုနှစ်တွင် ရောဂါ အဖြစ်များနိုင်ကြောင်း ကျန်းမာရေးတာဝန်ရှိသူတို့က ခန့်မှန်းထားသည်။

လက်ရှိတွင် ပြင်ပဆေးခန်းများ၌ လာရောက်ပြသသူများတွင်လည်း သွေးလွန်တုပ်ကွေး ဖြစ်သူ များပြားနေကြောင်း ဆေးခန်းဖွင့်ထားသည့် ဆရာဝန်အချို့ထံမှ သိရသည်။

“ဒီအချိန်မှာ ကလေးတွေကို ဂရုစိုက်ဖို့လိုတယ်။ နေမကောင်း ဖျားနာလာရင်လည်း နီးစပ်တဲ့ ဆေးခန်း ဆေးရုံတွေကို အမြန်သွားဖို့လိုတယ်” ဟု ဆေးခန်းဖွင့်ထားသည့် ဆရာဝန်တစ်ဦးက ပြောသည်။

ပြည်နယ်အတွင်း၌ မော်လမြိုင်မြို့နယ်သည် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အများဆုံးမြို့နယ်ဖြစ်ပြီး ဒုတိယ အများဆုံးသည် သံဖြူဇရပ်မြို့နယ်၊ တတိယအများဆုံးသည် ကျိုက်မရောမြို့နယ်ဖြစ်သည်ဟု အဆိုပါဌာနထံမှ သိရသည်။

မိုးတွင်းကာလတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးရန်အတွက် ကျန်းမာရေး ပညာပေးလုပ်ငန်းများ၊ ခြင်နှိမ်နင်းခြင်းလုပ်ငန်းများနှင့် ပိုးလောက်လန်း သတ်ခြင်း၊ ဆေးခပ်ခြင်းလုပ်ငန်း များ လုပ်ဆောင်လျက်ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ပြည်သူအနေနှင့်လည်း မိမိတို့နေအိမ်ပတ်ဝန်းကျင်တွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပုံမှန် လုပ်ဆောင်ရန်လည်း လိုအပ်ကြောင်း ယင်းဌာနက တာဝန်ရှိသူက ဆိုသည်။

ဖုံး၊ သွန်၊ လဲ၊ စစ်မှာ ရေအိုး၊ ရေခွက်၊ ရေစည် စသည်တို့ကို ဖုံးအုပ်ထားခြင်း၊ ခြင်ခိုအောင်းနိုင်သော ရေအိုး၊ ရေခွက်များကို သွန်ပစ်ခြင်း၊ ဘုရားပန်းအိုးများကို ပုံမှန်လဲပေးခြင်း၊ ပိုးလောက်လန်းများကို ရေစစ်ဖြင့် စစ်၍ ဖယ်ရှားခြင်းတို့ ဖြစ်သည်။