ကမ်းဝေးငါးဖမ်းလှေ ၂၅၀ ကျော် တစ်လစော၍ ပြန်လည်ငါးဖမ်းခွင့်ရ

0
526

တနင်္သာရီတိုင်းအတွင်းရှိသည့် ကမ်းဝေးငါးဖမ်းလှေ ၁၅၀၀ ကျော်အနက် ၂၅၀ကျော်ကို ယနေ့ (ဇွန် ၁) မှစတင်၍ ပြန်လည်ငါးဖမ်းဆီးခွင့်ပြုလိုက်ကြောင်း တနင်္သာရီတိုင်းငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

ယခုနှစ် ငါးသားပေါက်ရာသီဖြစ်သည့် ဧပြီ၊ မေ၊ ဇွန်လတို့ကို ငါးမဖမ်းရရာသီအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။

သို့သော် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများ၏ စီးပွားရေးအခက်အခဲကြောင့် ကမ်းဝေးလှေ ၂၅၀ကျော်ကို တစ်လစောကာ ဖမ်းဆီးခွင့်ပြုလိုက်ကြောင်း တနင်္သာရီတိုင်းငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရေလုပ်သားတွေလည်း စီးပွားရေးကျပ်တည်းနေတော့ အလုပ်အကိုင်အခွင့်အလမ်းလေးရအောင် နိုင်ငံတော်အနေနဲ့လည်း export ထွက်လာရင် အခွန်တွေရအောင် ဖြေလျှော့လိုက်တဲ့ သဘောပဲ” ဟု ၎င်းက ဆိုသည်။

http://www.daweiwatch.com/2022/06/01/guides/40786/

ယင်းသို့ ဖြေလျှော့ပေးရန် ရန်ကုန်တိုင်းငါးလုပ်ငန်းအဖွဲ့ချုပ်က တောင်းဆိုခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဖြေလျှော့ ပေးခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

တစ်နိုင်ငံလုံးအနေဖြင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ရှိ ကမ်းဝေးငါးဖမ်းလှေ သုံးထောင်ကျော်ရှိအနက် သုံးဆယ်ရာခိုင်နှုန်းကို ဖြေလျော့ပေးလိုက်ခြင်းဖြစ်ပြီး ကျန်သည့် လှေများအနေဖြင့် ဇွန်လကုန်သည်အထိ ဆက်လက်ရပ်နားထားရမည်ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

ယခုနှစ်မြန်မာ့ပင်လယ်ပြင် ငါးမဖမ်းရကာလအဖြစ် ဧပြီ၊ မေ၊ ဇွန်အားသတ်မှတ်ရာတွင် ရာသီအလိုက် လုပ်ကိုင်ရသော အင်္ဂလန်ကျား၊ ကင်းမွန်ဖမ်းသည့်လုပ်ငန်း၊ ဝိုင်းချုပ် (ဝါတန်း) စသည့်လှေများကိုမူ ဧပြီလအထိ ငါးဖမ်းခွင့် တစ်လတိုးပေးခဲ့သည်။

သို့သော် ဒရွတ်ဆွဲပိုက်၊ ဘုံကျောင်းကျားပိုက်၊ စိမ်ပိုက်၊ ငါးမျှားတန်း၊ မြုံးလှေ များကိုမူ ဧပြီလမှ စတင်ကာ သုံးလ ပိတ်သိမ်းခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းကြောင့် ကမ်းဝေးလှေအများစုသည် သုံးလစလုံးရပ်နားထားရပြီ လှေအချို့သည် ငါးမဖမ်းရရာသီ သုံးလအတွင်း တစ်လသာ ရပ်နားခဲ့ရသဖြင့် ဝေဖန်မှုများလည်းရှိနေသည်။

တနင်္သာရီတိုင်းအတွင်း ကမ်းဝေးငါးဖမ်းလှေ တစ်ထောင့်ငါးရာကျော်ရှိပြီး လှေတစ်စီးလျှင် ရေလုပ်သား နှစ်ဆယ်မှ လေးဆယ်အထိ လိုက်ပါလေ့ရှိသည်။